Main menu

Background

ဘင်္ဂလားဒေ့ရှ်တွင် ဈေးကွက်ရရှိနေသော မြန်မာ့ရေချို ငါးမြစ်ချင်း

Wed, 10/12/2022 - 13:51 -- journal_editor

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်  မွေးမြူရေးလုပ်ငန်းများကို ဒေသအလိုက် အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်အချို့တွင် ငါးမွေးမြူရေးကန်များကို မိသားစု စီးပွား ရေးလုပ်ငန်းတစ်ခုအသွင် လုပ်ကိုင်လျက်ရှိသည်။
ငါးမွေးမြူရေးကန်များတွင် ငါးသလောက်၊ ငါးမြစ်ချင်း၊ ငါးခူ စသည်ဖြင့် ငါးအမျိုးမျိုး မွေးမြူလျက်ရှိရာ ငါးမြစ်ချင်းများမှာ နှစ်နှစ် သားခန့်အရွယ်တွင် နှစ်ကီလိုမှ ငါးကီလိုခန့်အထိ ကြီးထွားမှုရှိပြီး နှစ်ကီလိုနှင့်အောက်ငယ်သောငါးမြစ် ချင်းများအား ပြည်တွင်း ငါး ဈေးကွက်များအတွင်း  ရောင်းချမှု အားကောင်းသလို တစ်ကီလိုမှ ငါးကီလိုအရွယ်ရှိ ငါးမြစ်ချင်းများအား ပြည်ပဈေးကွက်များသို့လည်း ထိုးဖောက်ရောင်းချနိုင်ခဲ့သဖြင့် ငါးမြစ်ချင်းများကို ယခင်ထက် ပိုမို မွေးမြူလာခဲ့သည်။ မြန်မာ့ရေချို ငါးမြစ်ချင်းများအား၂၀၁၆ ခုနှစ်ခန့် မှစပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်သို့ စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့ရောင်းချနိုင်ခဲ့သည်။
အဆိုပါ   ငါးမြစ်ချင်းများအား  ရန်ကုန်မြို့  စံပြငါးဈေးနှင့် အခြားငါးဈေးများ၊ ငါးကန်များမှ ဝယ်ယူ စုဆောင်းပြီး ဘုရင့်နောင်နှင့် လှိုင်သာယာရှိ ဂိုဒေါင်များ၌ ဖော့ပုံးများတွင် ရေခဲများဖြင့်ထုပ်ပိုးပြီးငါးလုပ်ငန်းဦးစီး ဌာန၏Invoice/ မျှောစာများနှင့်အတူ(ခြောက်ဘီး၊ ၁၂ ဘီး) အအေးခန်း (Box Track)ယာဉ်များဖြင့် တင်ဆောင်ပြီး ရန်ကုန်-စစ်တွေကားလမ်းမှ သယ်ဆောင်ကာ စစ်တွေမြို့ ရွှေမင်းဂံ ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့သို့ ရေလမ်းကြောင်းမှ သင်္ဘောဖြင့် လည်းကောင်း၊ ရန်ကုန်-စစ်တွေမှ  စစ်တွေ-အငူမော်- မောင်တောကားလမ်းဖြင့် မောင်တောမြို့ ကညင်ချောင်း စီးပွားရေး ဇုန်မှ စက်တပ်လှေများဖြင့် နတ်မြစ်ကိုဖြတ်၍ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံ တက္ကနပ်မြို့သို့ လည်း ကောင်း နယ်စပ်ကုန်သွယ်မှုအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မှ မောင်တောထိ နှစ်ညအိပ် သုံးရက်ခရီးအား ခြောက် ဘီး၊   ၁၂ ဘီးအအေးခန်း(Box Track)များဖြင့် သွားလာရပြီး သယ်ယူ စရိတ်ကုန်ကျမှု  များသော်လည်း မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန်ဆိပ်ကမ်းမှ နတ်မြစ် ကိုဖြတ် ၍ တစ်နာရီဝန်းကျင်ခန့်ဖြင့် ရောက်နိုင်သလို  တစ်ဖက်ကုန်သည်၏ ဈေးကွက်လိုအပ်ချက်ပေါ် မူတည်ပြီး ငါးမြစ်ချင်းများအား တန် ၂၀ မှ တန် ၅၀ ခန့်ဖြင့် တင် ဆောင်နိုင်သော စက်တပ်လှေများဖြင့် လိုအပ်သလို စောင့်ဆိုင်း ရန် မလိုဘဲ တင်ပို့သွားလာနိုင်သည့်အတွက် ပစ္စည်းဆုံးရှုံးမှု၊ ငါးအရည် အသွေးကျဆင်းမှုမရှိသလောက် နည်းပါးသဖြင့် မိမိဘက်ကုန်သည် များအနေဖြင့် မောင်တောမှ တင်ပို့မှု ပိုမိုလာကြောင်းတွေ့ရှိရသည်။
၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်  (ဧပြီလမှ  သြဂုတ်လအထိ) မောင်တောကုန်သွယ်ရေးစခန်းမှ ငါးမြစ်ချင်း တန်ချိန် ၅၁၆၀၊ တန်ဖိုး ၆ ဒသမ ၄၄၉ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ သို့ပါ၍ မြန်မာ့ရေချို ငါးမြစ်ချင်းများ မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှ သြဂုတ်လအထိ) တင်ပို့မှု အား ကောင်းခဲ့သော်လည်း ၂၀၂၂ခုနှစ် စက်တင်ဘာလမှစ၍ စစ်တွေ- အငူမော်-မောင်တော (ရေ+ကုန်း)လမ်းကြောင်းနှင့် စစ်တွေ-ဘူးသီး တောင် ရေလမ်းကြောင်းမှ ဇက်ရေယာဉ်ဖြင့် ကုန်တင်ကား  သယ်ယူ ပို့ဆောင်နေမှုအား  ဒေသတွင်း လုံခြုံရေး အခြေအနေများအရ သက် ဆိုင်ရာမှ ရပ်ဆိုင်းထားလျက်ရှိသောကြောင့်  စက်တင်ဘာလမှ စတင်၍   မြန်မာ့ရေချိုငါးမြစ်ချင်း များ တင်ပို့မှု  အားနည်းလျက်ရှိ ကြောင်း တင်ပြလိုက်ရပါသည်။

အောင်နိုင်ဝင်း