
လက်ရှိ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီ လမှ အောက်တိုဘာလကုန်အထိ ခုနစ်လတာ အတွင်း မြန်မာ့မွေးမြူရေးပုလဲ ၆၇ ရာခိုင်နှုန်း ဝန်းကျင်အထိ ထုတ်လုပ်ထားနိုင်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။
ယခု ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ပုလဲ အလေးချိန် ၆၉၉၅၀ဝ မိုမီ ထုတ်လုပ်ရန် လျာထားပြီး ခုနစ်လတာကာလအတွင်း စုစုပေါင်း ပုလဲ ၇၉၂၂၉၈ လုံး၊ အလေးချိန်အားဖြင့် ၄၆၈၀၁၉ ဒသမ ၈၈ မိုမီ ထုတ်လုပ်နိုင်ခဲ့ခြင်း ကြောင့် လျာထားချက်၏ ၆၇ ရာခိုင်နှုန်းခန့် ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ မွေးမြူရေးပုလဲများကို ဖော်ယူထုတ်လုပ်လျက်ရှိပြီး လက်ရှိဘဏ္ဍာနှစ်အကုန်တွင် တစ်နှစ်လုံးလျာထားချက် ၁၀ဝ ရာခိုင်နှုန်းထက် ကျော်လွန်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ပုလဲမွေးမြူထုတ်လုပ်သည့် လုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံပိုင်အပြင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ၏ ပုလဲထုတ်လုပ်ရေးစခန်းများတွင် မုတ်ကောင်များကို သားဖောက်ပြီး အရွယ်ရောက်သည်အထိ မွေးမြူကာ ဝတ်ဆံသွင်းပြီး နှစ်နှစ်ခန့်အထိ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ ပြုလုပ်ထုတ်လုပ်နေခြင်းဖြစ်သည်။
ယင်းသို့ ပုလဲမွေးမြူထုတ်လုပ်ရာတွင် အရည်အသွေးမြင့် ပုလဲများ ထုတ်လုပ်နိုင်ရန် အတွက် သဘာဝပတ်ဝန်းကျင် သန့်ရှင်းကောင်းမွန်ရေး အလေးထား ဆောင်ရွက်ရသောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာလည်းရောက်ကြောင်း သိရသည်။
ထို့ပြင် ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများသည် လူသားအရင်းအမြစ်၏ လုပ်အားဖြင့် ဆောင်ရွက်ရသောကြောင့် စက်စွမ်းအားများစွာကို အသုံးပြုရန် မလိုအပ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့်အပြင် စက်ပစ္စည်းများအတွက် ကုန်ကျစရိတ်လည်း သက်သာစေကြောင်း သိရသည်။
ပုလဲမွေးမြူခြင်းသည် သဘာဝသယံဇာတ အရင်းအမြစ်များကို တူးဖော်ထုတ်လုပ်ခြင်းမဟုတ်ဘဲ သားဖောက်ခန်းအတွင်း မုတ်ကောင်များကို သားဖောက်၍ ထိုမုတ်ကောင်များကို သဘာဝပင်လယ်ပြင်၌ မွေးမြူကာ ပုလဲထုတ်လုပ်ခြင်းဖြစ်သောကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ သယံဇာတကို ထုတ်လုပ်ခြင်းဖြစ်ပြီး အဆိုပါ သယံဇာတများမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိကြောင်း သိရသည်။
ပန်းဆု