Main menu

Background

ငါန်းဇွန်မြို့နယ်တွင် မိုးဦးမြေပဲများ ရိတ်သိမ်း

Mon, 11/20/2023 - 10:41 -- journal_editor

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် မိုးမြေပဲကို ဒေသ အခေါ် မိုးဦးနှင့် မိုးလယ်ဟူ၍ နှစ်ပိုင်းခွဲ၍ စိုက်ပျိုးကြရာ မိုးဦးမြေပဲကို နှစ်စဉ်မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးကြပြီး မိုးလယ်မြေပဲကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် စိုက်ပျိုးကြကြောင်း သိရှိရသည်။ ငါန်းဇွန် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာလ ဒုတိယပတ်မှစ၍ မိုးဦးမြေပဲများကို စတင်ရိတ်သိမ်းခဲ့ရာ အောက်တိုဘာလကုန်တွင် အစော စိုက်မိုးဦးမြေပဲ ၃၂၂၂ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် တစ်ဧက ပျမ်းမျှ အထွက်နှုန်းမှာ ၄၇ ဒသမ ၅၂ တင်းနှုန်းခန့်ထွက်ရှိကြောင်း သိရှိရသည်။ 
ငါန်းဇွန်မြို့နယ်အနေဖြင့် ယခင်နှစ်မိုးမြေပဲစုစုပေါင်း စိုက်ပျိုးရန် လျာထားမှုအနေဖြင့် ဧက ၁၈၂၆၀  ရှိခဲ့ပြီး စိုက်ပျိုးနိုင်မှုမှာ  ၁၈၃၁၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တစ်ဧက  ပျမ်းမျှအထွက်နှုန်းမှာ ၄၇ တင်းနှုန်း ထွက်ရှိ ခဲ့သည်။၂၀၂၃ နှစ်တွင် မိုးမြေပဲစုစုပေါင်းစိုက်ပျိုးရန် လျာထားဧက  ၁၈၂၆၅ ဧကရှိပြီး စိုက်ပျိုးမှုအနေဖြင့်  ၁၈၉၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။ 
တောင်သူများမှာ မိမိတို့၏ မြေယာဖြစ်ထွန်းမှု၊ ရာသီဥတုအခြေ အနေနှင့် တိရစ္ဆာန်များ ဖျက်ဆီးစားသောက်မှု အခြေအနေများပေါ်မူ တည်၍ တစ်ဧကလျှင် မြေပဲဆန် ၁၀ ပြည် မှ၁၈ ပြည်ဝန်းကျင်နှုန်းများဖြင့် ထည့်သွင်းစိုက်ပျိုးကြသည်။  နေရာဒေသနှင့်  မြေအခြေအနေပေါ် မူတည်၍ တချို့မှာ ပင်ပြားပဲမျိုးကို စိုက်ကျင်းဖော်၍ စိုက်ပင်တစ်ကျင်း လျှင် မြေပဲဆန်စေ့(၄ ၊ ၅) စေ့နှုန်းဖြင့် ထည့်သွင်းစိုက်ပျိုးကြပြီး တချို့မှာ လည်း ပင်ထောင်မျိုးကို တန်းဆွဲ၍ စိုက်ပျိုးမှုများလည်းရှိသည်။
 ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ  မြေပဲကို ပဲစင်းငုံ သီးနှံနှင့်ရော၍ သီးညှပ်စိုက်ပျိုးမှုမှာများကြောင်း သိရှိရသည်။ ယခင်နှစ် ပဲစိုက်ရာသီတွင် မျိုးပဲဈေးနှုန်းအနေဖြင့် ပဲဆန်တစ်ပြည်လျှင် ကျပ် ၅၀ဝ၀  အတောင့် တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ် မြေပဲစိုက်ပျိုးချိန်တွင် မျိုးပဲဆန်တစ်ပြည်လျှင် ကျပ် ၇၀ဝ၀၊ အတောင့် တစ်တင်းလျှင် ကျပ် ၄၀ဝ၀ဝ ဝန်းကျင်ရှိကြောင်း သရက္ကန်အုပ်စု အောင် ချမ်းသာကျေးရွာမှ မြေပဲစိုက်တောင်သူများထံမှ သိရှိရသည်။ အုပ်စု အတွင်းရှိ  ကျေးရွာများအနေဖြင့် ပင်ထောင်မျိုးများကို အတန်းဆွဲ၍ အတန်းချစိုက်ပျိုးကြပြီး မိုးမြေပဲနှင့်အတူ ပဲစင်းငုံသီးနှံကို မြေပဲစိုက် တန်း လေးတန်းလျှင် ပဲစင်းငုံ တစ်တန်းနှုန်းဖြင့် သီးညှပ်ထည့်သွင်းစိုက်ပျိုးကြ သည်။ 
မိုးဦးမြေပဲကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ထွက် ပေါ်လေ့ရှိရာ  အောက်တိုဘာလကုန်တွင်  မိုးဦးမြေပဲများ ရိတ်သိမ်း ပြီးစီးပြီဖြစ်သည်။  ယခုနှစ်တွင် အစောစိုက် မိုးဦး မြေပဲများထွက် ပေါ်ချိန် မြေပဲတောင့် အစိုတစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ၊ အခြောက်တစ်တင်းလျှင် ကျပ် ၃၅၀ဝ၀ ဝန်းကျင်များဖြင့် ကျေးရွာများတွင်အရောင်းအဝယ်ဖြစ် ပေါ်ခဲ့ပြီး ယခင်နှစ် မိုးဦးမြေပဲပေါ်ချိန်တွင် အဖွင့်ဈေးအနေဖြင့် မြေပဲ အခြောက် တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ဝန်းကျင်ဖြင့်စတင်၍ မိုးဦးမြေပဲ တုံးချိန်တွင် ကျပ် ၃၃၀ဝ၀ ဝန်းကျင် ရှိခဲ့ကြောင်း သိရှိရသည်။ 
ယခင်နှစ်တွင် တောင်သူစိုက်ကွက် တစ်ဧကအထွက်နှုန်း အနေ ဖြင့်  တင်း ၃၀ မှ တင်း ၄၀နှုန်းခန့်ထိ ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးလိုသည့်အချိန်တွင် မိုးရွာသွန်းမှု နည်းခဲ့သည့်အတွက် တစ်ဧကလျှင် ၃၀- ၃၂ တင်း ဝန်းကျင်သာ ထွက်ရှိခဲ့ကြောင်းနှင့် စိုက်ပျိုးသည့် ယာမြေ၊ ရာသီဥတုနှင့် အပင်ပြုစုမှုအပေါ်မူတည်၍ အထွက်နှုန်းများပြောင်းလဲ ကွာခြားမှုရှိကြောင်း၊ ယခုနှစ် အောက်တိုဘာလကုန်တွင် မိုးဦး မြေပဲ အပိတ်ဈေးအနေဖြင့် ကျပ် ၃၀ဝ၀ဝ ဝန်းကျင်သာရှိတော့ကြောင်း၊ မိုး လယ်မြေပဲများမှာလည်း ယခု နိုဝင်ဘာလ ဒုတိယပတ်တွင် အနည်းငယ် စတင်ရိတ်သိမ်းထွက်ပေါ်နေပြီး လာရောက်ဝယ်ယူသူ မရှိသေးသည့် အတွက် ဈေးနှုန်းဈေးကွက် မရှိသေးသော်လည်း မြေပဲဈေး ပြန်ကောင်း လာနိုင်ကြောင်း အောင်ချမ်းသာကျေးရွာ မြေပဲစိုက် တောင်သူများထံမှ သိရှိရသည်။                                                          

 

      စောသန်းအောင်