Main menu

Background

ဒေသရိုးရာအစားအစာအဖြစ် ရပ်တည်နေသော မက်ခါသီး

Tue, 06/09/2026 - 13:51 -- journal_editor

မက်ခါသီးသည် ကယားပြည်နယ်၏ ဒေသထွက် အသီးတစ်မျိုးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲကြသည်။  ကယားပြည်နယ်၏ ရိုးရာအစားအစာ တစ်မျိုးဖြစ်ပြီး ကယားဝက်အူချောင်း ပြုလုပ်ရာတွင် မက်ခါသီးပါမှသာ အရသာကောင်းမွန်သည်။ မက်ခါသီးတွင် အခြား ဟင်းခတ်အသီးအရွက်များနှင့် ကွဲပြား၍ ကိုယ်ပိုင်ရနံ့ဖြင့် ထူးခြားမှုရှိပြီး အရသာမှာ ပူရှိန်းရှိန်း၊ ရှတတ အရသာရှိသည်။ မက်ခါသီးသည်  အညှီနံ့ကို ထိန်းပေးနိုင်သဖြင့်  အသားဟင်းလျာများချက်ပြုတ်ရာတွင် မက်ခါသီးမှုန့်ကို မဖြစ်မနေထည့်သွင်းချက်ပြုတ်ကြသည်။ မက်ခါသီးသည် မိုးရာသီတွင် အသီးစသီး၍ အောက်တိုဘာလတွင် မှည့်သည်။ အသီးမှာ ငရုတ်ကောင်းစေ့နှင့်တူ၍ အချို့မှာ ကယားငရုတ်ကောင်းဟု ခေါ်ကြသည်။ မက်ခါသီးပင် အမြင့်မှာ ၆ ပေ ၇ ပေ မှ ၁၀ ပေခန့်ထိ အမြင့်ပေရှိသည်။ မေလတွင် အချို့အပင်များသည် အပွင့်များ စတင် ပွင့်နေချိန်ဖြစ်၍ မိုးရေထိတွေ့မှုပေါ်မူတည်ပြီး အပွင့်ပွင့်လျက်ရှိသည်။ မက်ခါသီးအရောင်မှာ အစိမ်းရောင်ရှိ၍ မှည့်သောအခါ အနီကျင့်ကျင့် အရောင်ပြောင်းသွားသည်။
ကယားပြည်နယ်ရှိဈေးနေ့များတွင် မက်ခါသီးကို နို့ဆီဘူးဖြင့် ချိန်ရောင်းကာ တစ်ဘူးလျှင် ကျပ် ၉၀ဝ၀ မှ ကျပ် ၁၀ဝ၀ဝ အထိ ရောင်းဈေးရှိသည်။ ဒေသတွင်ရှိသော ကယား၊ ကယန်း၊ လူမျိုးတို့သည် မက်ခါသီးကို အသီးစမှည့်ချိန် အသီးနုနုလေးများကို ဆား၊ ငရုတ်သီးစိမ်းထည့်၍ ထောင်းစားခြင်း၊ ၎င်း အပြင်အသားခြောက်များနှင့် ကယားဆန်ပြုတ်များတွင်လည်း  မက်ခါသီးထောင်းများကို ထည့်စားခြင်း များပြုလုပ်ကြသည်။ မက်ခါသီးရင့်ချိန်  အစေ့မည်း၍ ရင်ကွဲနေချိန်တွင် အသီးထိပ်အညှာသည် ကိုင်းထံတွင် မြွေကဘဲ တည်မြဲနေသည်။ ၎င်းအချိန်သည် ရင့်မှည့်ချိန်ဖြစ်၍ ခူးပြီး နေလှန်းကာ မက်ခါသီး အမှုန့်အဖြစ် ပြုလုပ်ကြသည်။ ဒေသထွက်လက်ဆောင်အဖြစ် ပြုပြင်ထုပ်ပိုးထားသော မက်ခါသီးကို ငါးပိထောင်းဘူးအရွယ် ဘူးသေးတစ်ဘူးလျှင် ကျပ် ၂၅၀ဝ မှ ၃၅၀ဝ ထိ ဈေးနှုန်းဖြင့် ရောင်းချ ကြသည်။
မက်ခါသီးကို ဒေသအလိုက် အခေါ်အဝေါ်များရှိကြပြီး မြန်မာ အခေါ် (သီဟရာဇာ)၊ ကချင်အခေါ် (ဂျင်ဗောင်ဂလ)၊ ကယားအခေါ် (မက်ခါသီး)၊ တရုတ်အခေါ် (ချွှမ်းဝှားကျောင်း) စသည့် အမျိုးမျိုး ခေါ် ဝေါ်ကြသည်။ တရုတ်ပြည်မကြီး (ချွှမ်း‌) ဒေသလူမျိုးများက မက်ခါသီးကို အကြော်၊ အနှပ်၊ အသားကင် များတွင် မပါမဖြစ် ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးစွဲကြသည်။ မက်ခါသီးအစိမ်းကို အသားများ၊ အူများ အညှီနံ့ ပျောက်စေရန် ထည့်ပြုတ်ခြင်းဖြင့် သားငါးညှီနံ့ပျောက်စေသည်။ မက်ခါသီးသည် ငရုတ်ကောင်း ထက်ပို၍ ပူသောကြောင့် တိုင်းရင်းသားလူမျိုးများ ဒေသဟင်းခတ် အမွှေးအကြိုင်အဖြစ် နှစ်ခြိုက်စွာ သုံးစွဲကြသည်။ 
ကယား/ကယန်းလူမျိုးများက  မက်ခါသီးကို ဟင်းချက်ရာတွင် လည်းကောင်း၊ ရိုးရာ ကယား/ ကယန်းဆန်ပြုတ်၊ ကယား/ကယန်း ဝက်အူ‌ချောင်း၊ ကယားတာလပေါ့ဟင်း၊ ပဲပုပ်ထောင်း၊ အသားဟင်း များတွင် မက်ခါသီးမှုန့် ထည့်ခြင်းဖြင့် လည်းကောင်း အသုံးပြုကြသည်။ ကယားပြည်နယ်ဒေသနေ  ပြည် သူများသည် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး  မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် မက်ခါသီးများကို   ထုပ်ပိုး၍ ရောင်းချခြင်းသာမက ယခုအခါ အစေ့မှ အပင်ပျိုးထောင်ကာ စီးပွားဖြစ် ရောင်းချသူများလည်းရှိကြောင်း သိရသည်။ 
မက်ခါပျိုးပင်သည် မိုးများခြင်း၊ ရေဝပ်သည့် နေရာ‌ဒေသကို ကြိုက်နှစ်သက်မှုမရှိဘဲ ကုန်းမြင့်ဒေသ တွင်သာ ဖြစ်ထွန်းလေ့ရှိပြီး အစေ့ပျိုးထောင်ချိန်မှ အပင်ပေါက်ချိန်အထိ တစ်လဝန်းကျင် ကြာမြင့်ကြောင်း၊ စိုက်ပျိုးပြီးလေးနှစ်၊ ငါးနှစ်သားရှိမှလျှင် အသီးသီးကြောင်း၊ မက်ခါသီးများသည် တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်သီး၍ နောက်ဆုံးအကြိမ် သီးသော အသီးကို မျိုးယူကာ အပင်ပြုစုပျိုးထောင်ရကြောင်း၊ မက်ခါ သီးသည် ကယားပြည်နယ်တွင် သဘာဝအလျောက် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်ပြီး ယခုအခါ ဒေသခံလူမျိုးများသည် စနစ်တကျစိုက်ပျိုး၍ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေကြကြောင်း သိရှိရသည်။ 

ကယား (အေးအေးမော်)