Main menu

Background

ထိုင်းနိုင်ငံ အိမ်ခြံမြေဈေးကွက်တွင် တရုတ်လူမျိုးများ အများအပြား ဝယ်ယူလျက်ရှိ

Wed, 06/07/2017 - 10:22 -- journal_editor

       ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အတွင်း တရုတ်လူမျိုးများ၏ ဝယ်ယူမှုသည်မြင့်တက်လျက်ရှိရာဈေးနှုန်းနည်းပြီးအကျိုးအမြတ် ပြန်လည်ရရှိမှု ကောင်းမွန်သည့် အိမ်ခြံမြေများကို ပိုမိုဝယ်ယူလျက်ရှိပါသည်။ ထိုင်းနိုင်ငံရှိ  အိမ် ခြံမြေများကို ဝယ်ယူရန် တရုတ်နိုင်ငံသား အလယ်အလတ်အဆင့် လူတန်းစားများက အထူးစိတ်ဝင်စားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသားများသည် အိမ်ခြံမြေများကိုပြန်လည်ငှားရမ်းရန်အတွက် ဝယ်ယူခြင်းဖြစ်ကြောင်း၊ထိုင်းနိုင် ငံ၏အိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံပါက  အကျိုးအမြတ်ပြန်လည်ရရှိမှုကာလသည် တရုတ်နိုင်ငံ၏အိမ်ခြံမြေဈေးကွက်ထက် ကာလတို တောင်းကြောင်း၊ တရုတ်နိုင်ငံ၏အိမ်ခြံ မြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံပါက အကျိုးအမြတ်ပြန်လည်ရရှိရန် Gaung Zhou မြို့တွင်လပေါင်း ၄၇၀၊ ပေကျင်း မြို့တွင် ၆၂၃ လ၊ ရှန့်ဟိုင်းမြို့တွင် ၆၅၆ လ  ကြာမြင့်ကြောင်း၊ သို့သော် ထိုင်း နိုင်ငံတွင်၂၁၉ လသာ ကြာမြင့်ကြောင်း တွေ့ရှိရပါသည်။
          တရုတ်ဘဏ်များ အနေဖြင့် လည်း ထိုင်းနိုင်ငံ၏အိမ်ခြံမြေများအား ဝယ်ယူနိုင်ရန် တရုတ်နိုင်ငံသားများကို ပံ့ပိုးကူညီလျက်ရှိကြောင်း  ဗန်ကောက်၊ ပတ္တယား၊  လယောင်း၊ ဖူးခက်၊ အူဒွန် ဌာနီ၊ အူဘွန်ရချဌာနီ စသည့် အဓိ ကမြို့များရှိ အိမ်ခြံမြေများကို ပိုမိုဝယ်ယူ လျက်ရှိကြောင်းနှင့် တရုတ်ဘဏ်များသည် အိမ်ခြံမြေဈေးနှုန်း၏  ၇၀ ရာခိုင် နှုန်းထိ ချေးငွေထုတ်ပေးလျက်ရှိပါသည်။ တရုတ်နိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတွင် ဈေးနှုန်းဘတ်ငါးသန်း မှ ဘတ် ၁၀ သန်းကြားရှိ ကွန်ဒိုတိုက်ခန်းများကို  အများဆုံးဝယ်ယူလျက်ရှိပါသည်။ ထို့နောက် ဘတ်၂ ဒသမ ၅သန်း နှင့်၃ ဒသမ ၅သန်းကြား တန်ဖိုးရှိသည့် ကွန်ဒိုတိုက်ခန်းဝယ်ယူမှုသည်၂၂ ရာခိုင်နှုန်းရှိပါသည်။
          တရုတ် ဝယ်ယူသူများအနေဖြင့် အိမ်ထောင်ပရိဘောဂ အပြည့်အစုံပါဝင်သည့် တိုက်ခန်းများကို အများဆုံး ဝယ်ယူကြပြီး  တရုတ်လူမျိုးများ၏  နေထိုင်မှုနှင့်  လိုက်လျောညီထွေဖြစ်စေ ရန်အတွက် အခန်းပြင်ဆင်ခြင်း ကို  တိုက်ခန်းဈေးနှုန်း၏ ၂၀ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းထိ ထပ်မံကျခံသုံးစွဲကြပါသည်။ တရုတ်နိုင်ငံသားများ၏ အိမ်ခြံမြေများကို အများဆုံးဝယ်ယူလိုသည့် ထိပ်ဆုံးငါးနိုင်ငံမှာ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြပါသည်။ထိုင်းနိုင်ငံ ၏ အိမ်ခြံမြေဈေးကွက်တွင် တရုတ် နိုင်ငံသားများ၏ ဝယ်လိုအား တိုးတက်မှုသည် ၂၀၁၅ ခုနှစ် ဒုတိယသုံးလပတ် တွင် ၃၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ်တွင် ရာခိုင်နှုန်း ၁၈၀ ထိမြင့်တက်လာကြောင်း၊ တရုတ်နိုင်ငံသားအများဆုံး ဝယ်ယူလိုသည့်မြို့မှာ ဗန်ကောက်မြို့ဖြစ်ပြီး ၂၉ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း၊ ၂၁ ဒသမ ၈ ရာခိုင်နှုန်းသည်ချင်းမိုင်မြို့၊ ၁၇ ဒသမ ၃ ရာခိုင်နှုန်းသည် ဖူးခက်မြို့၊ ၁၅ ဒသမ ၈ ရာခိုင်နှုန်းသည် ပတ္တယားနှင့် ၁၅ ဒသမ ၈ရာခိုင်နှုန်းသည် အခြားမြို့များတွင် ဝယ်ယူရန်ဆန္ဒရှိကြပါသည်။ ဗန်ကောက် အိမ်ခြံမြေဈေးကွက်သည် ဈေးနှုန်းတည်ငြိမ်ပြီး ဆက်လက်မြင့်တက်ရန် အလားအလာ အကောင်း ဆုံး မြို့ ဖြစ်ပါသည်။
         ထို့နောက် အိမ်ခြံမြေဈေးနှုန်း နိမ့်ကျခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှု နှင့် ပညာရေးဝန်ဆောင်မှုများ ကောင်းမွန်သည့် ချင်းမိုင်မြို့တွင်လည်း ဝယ်ယူရန် ဆန္ဒရှိကြပါသည်။ တရုတ်နိုင်ငံ၏ပင်လယ်ကမ်းခြေဒေသရှိ အဓိကကျ သည့်မြို့များသည် ပြည်မရှိ ရှန်ဟိုင်းနှင့် ပေကျင်းမြို့များကဲ့သို့ အိမ်ခြံမြေဈေး နှုန်း အလွန်မြင့်မားသဖြင့် ထိုင်းနိုင်ငံရှိ ထင်ရှားသော  ပင်လယ်ကမ်းခြေမြို့များ ဖြစ်သော ဖူးခက်နှင့် ပတ္တရားမြို့များတွင်လည်း ဝယ်ယူလိုကြကြောင်း ဗန်ကောက် ပို့စ်သတင်းတွင် ဖော်ပြထားသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ ဗန်ကောက်မြို့