Main menu

Background

အာဂျင်တီးနားနိုင်ငံ၏ အမဲသားတင်ပို့မှု ယာယီပိတ်ပင်သည့်မူဝါဒကြောင့် ဘရာဇီးလ်လုပ်ငန်းရှင် များ အကျိုးဖြစ်ထွန်း

Fri, 05/21/2021 - 13:27 -- journal_editor

               အသားပို့ကုန်များကို ရက် ၃၀ ကြာ ယာယီပိတ်ပင်ရန် အာဂျင်တီးနားအစိုးရက ဆုံးဖြတ် ခဲ့သည်။ အာဂျင်တီးနားအစိုးရ၏ အသားပို့ကုန်များအပေါ် ယာယီပိတ်ပင်သည့်မူဝါဒသည် တရုတ် နိုင်ငံကအများဆုံးဝယ်ယူ တင်သွင်း နေသည့်ကမ္ဘာ့အမဲသားဈေးကွက်တွင် ဘရာဇီးလ်နိုင်ငံ၏ ပို့ကုန် အသားများအတွက် ဈေးကွက်နေရာပိုမိုရရှိစေလျက် ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့ တင်သွင်းခဲ့သည့်အသားများတွင် အာဂျင်တီးနားနိုင်ငံမှ ၂၀ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း စီးပွားရေး အကြံပေးကုမ္ပဏီ Agrifatto ၏ ညွှန်ကြားရေးမှူး Lygia Pimentel က သတင်းဌာနသို့ ပြောကြား ခဲ့သည်။ အာဂျင်တီးနားနိုင်ငံ ကုန်သွယ်မှုပမာဏ၏ ၇.၅ ရာခိုင်နှုန်းသည် ပြည်ပသို့အသားတင်ပို့မှုမှ ရရှိနေ ကြောင်း ၎င်းကပြောကြားခဲ့သည်။

              အာဂျင်တီးနားအစိုးရ၏ အသားတင်ပို့မှု ပိတ်ပင်သည့်မူဝါဒကြောင့် တရုတ်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံမှအသားများကို အဓိကဝယ်ယူတင်သွင်းရန်ပြင်ဆင်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဘရာဇီးလ် နိုင်ငံ၏အသားများအပေါ် တရုတ်နိုင်ငံ၏ဝယ်လိုအား မြင့်တက် လာမည့်အခြေအနေသည် အသားထုတ်လုပ်သည့် ဘရာဇီးလ်လုပ်ငန်းရှင်များအတွက် အကျိုး ဖြစ်ထွန်းသော်လည်း ပြည်တွင်းတွင် အသားဈေးနှုန်းများ မြင့်တက် လာနိုင်သည့်အတွက် ပြည်တွင်း ငွေကြေးတန်ဖိုးကျဆင်းမှုဒဏ်ကို ပြည်သူများတွေ့ကြုံခံစားရနိုင်ကြောင်း Lygia က သတင်းဌာနသို့ ပြောကြားခဲ့သည်။

              အာဂျင်တီးနားသမ္မတ၏ အသားတင်ပို့မှုယာယီပိတ်ပင်သည့်မူဝါဒသည် ရက်ပေါင်း ၃၀ ထက် ပိုမိုကြာမြင့်ပါက အသားထုတ်လုပ်သည့် အာဂျင်တီးနားလုပ်ငန်းရှင်များအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း  အကြံပေး ကုမ္ပဏီ၏ သတင်းတွင် ဖော်ပြထားသည်။ အာဂျင်တီးနားသမ္မတ အနေဖြင့် ပြည်တွင်းအသားဈေးနှုန်းများ ပုံမှန်ဈေးနှုန်းဖြစ်ပေါ်စေရန်အတွက် ပြည်ပသို့အသား တင်ပို့မည့်ပမာဏအပေါ်တွင်သာ ကန့်သတ်ချက်များ ချမှတ် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အသား တင်ပို့မှုယာယီပိတ်ပင်ခြင်းသည် အခြားပြဿနာများကိုပိုမိုဖြစ်ပေါ်စေကြောင်း Lygia က သတင်း ဌာနသို့ ပြောကြားခဲ့သည်။

              လတ်တလောပြဿနာမှာ ဈေးကွက်အတွင်းသို့ အသားများပိုမိုဝင်ရောက်လာရန်ဖြစ်ပြီး အသားဈေးနှုန်းများမြင့်တက်နေမှုသည် အာဂျင်တီးနားပြည်တွင်းဈေးကွက်တွင်သာမက တစ်ကမ္ဘာ လုံးတွင်လည်း ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏ အသားထုတ်လုပ်မှု ကုန်ကျစရိတ်များအပေါ်မူတည်၍ အသားဈေးနှုန်းများ အတက်အကျဖြစ်ပေါ်လျက်ရှိကြောင်း  ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

              အစိုးရ၏ ဈေးနှုန်းမြင့်တက်မှုထိန်းချုပ်ရေးဆောင်ရွက်ချက်များသည် ပြည်တွင်းအသား ဈေးနှုန်းများအပေါ် ကာလတိုအတွင်းသာထိရောက်မှုရှိနိုင်ကြောင်း၊ ထိန်းချုပ်ရေးမူဝါဒအား ကာလရှည်လုပ်ဆောင်ပါက လုပ်ငန်းများ အပေါ်ထိခိုက်မှုများရှိလာပြီး အသားထုတ်လုပ်မှုများ တဖြေးဖြေးလျှော့ကျလာကာ  ဈေးနှုန်းမြင့်တက်မှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များ၏ ထောက်ပြပြောကြားချက်များအား သတင်းတွင် ဖော်ပြ ထားသည်။

              ထို့အပြင် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အသားထုတ်လုပ်မှုကုန်ကျ စရိတ်များအပေါ် အထူးသတိပြုရန်လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ပုံမှန်အခြေအနေထက် မြင့်မားသော ဈေးနှုန်းများဖြစ်ပေါ်နေခြင်းသည် ကာလတစ်ခုအတွင်းသာ လုပ်ငန်းရှင်များအား အကျိုးဖြစ်ထွန်းနိုင်ပြီး ရေရှည်တွင် ဈေးကွက်ဖွံ့ဖြိုးမှုအပေါ်၌ ထိခိုက်နိုင်ကြောင်း၊ စီမံခန့်ခွဲမှုကောင်း မွန်ရန် အလွန်ရေးကြီးကြောင်း ပညာရှင်များ၏သုံးသပ်ချက်များအား သတင်းတွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br