Main menu

Background

လာမည့် (၅)နှစ်အတွင်း အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက် သွားမည့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Mon, 05/24/2021 - 09:47 -- journal_editor

         (၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅)အတွင်း အာဆီယံ နိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာနှင့် ဝန်ဆောင်မှုကွင်းဆက် များ တည်ထောင်သွားမည်ဖြစ်ကာ၊  စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ဆောင်ရွက်သွားမည်ဟု ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ဒုတိယအကြီးအကဲ Liang Yiguang က မေလ (၁၀)ရက်နေ့ တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

         ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန်၊ ပြည်တွင်းပြည်ပကုန်သွယ်ရေးအား ပေါင်းစည်းဖွံ့ဖြိုးမှု မြှင့်တင်ရန်နှင့် နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်မှုများ လွယ်ကူချောမွေ့စေရန် အားထုတ်ကြိုးပမ်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

            တရုတ်နိုင်ငံရှိ ပြည်နယ်များအနက် အာဆီယံနိုင်ငံများနှင့် ကုန်းလမ်းနှင့် ရေလမ်းနှစ်သွယ်ဖြင့် ထိစပ်နေသည့် တစ်ခုတည်းသောပြည်နယ်ဖြစ်သည့်အားလျော်စွာ အာဆီယံနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ကွမ်ရှီးက ၎င်း၏မဟာဗျူဟာမြောက်အနေအထားကို အပြည့်အဝအသုံးချသွားမည်ဖြစ်ပါသည်။

         (၂၀၂၁)ခုနှစ်၊ ပထမ(၃)လအတွင်း ကွမ်ရှီး၏ စုစုပေါင်းပို့ကုန်သွင်းကုန်ပမာဏ မှာ ယွမ်ငွေ (၁၃၈.၅၁)ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၄၅)ဘီလီယံရှိခဲ့ကာ၊ ယခင်နှစ်က ထက် (၅၀.၇)ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ ကွမ်ရှီး နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေးတွင် (၇၄.၉)ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

           ပြည်တွင်းဈေးကွက်အား အဓိကထားပြီး ပြည်တွင်းပြည်ပဈေးကွက်များအား အပြန်အလှန်သက်ဝင်အားကောင်းစေမည့်  ဖွံ့ဖြိုးမှုပုံစံအသစ် (dual circulation)ကို မြှင့်တင်ဆောင်ရွက်ရာတွင် အာဆီယံဈေးကွက်မှာ ကွမ်ရှီး အတွက် အဓိကဖြစ်လာပါသည်။

          လာမည့်(၅)နှစ်အတွင်း နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှုစံပုံစံအသစ် တည်ထောင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသုံးပြုနှုန်းအား တိုးချဲ့ခြင်း၊ စွမ်းဆောင်ရည်ပူးပေါင်းဆောင်ရွက်မှုအား အကောင်အထည်ဖော်လျက် အပြည်ပြည်ဆိုင်ရာကုန်ထုတ်လုပ်မှုကို နက်ရှိုင်းစေခြင်းနှင့်  ပြည်ပတွင် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဇုန်များတည်ဆောက်ခြင်းတို့အပါအဝင် စီမံဆောင်ရွက် မှုများကို ပြုလုပ် သွားမည်ဟု သိရပါသည်။

              (၂၀၂၅)ခုနှစ်အတွင်း ကွမ်ရှီး၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုမှာ (၂၀၂၀) ပြည့်နှစ်ကထက် (၄၆)ရာခိုင်နှုန်းတိုးလာကာ ယွမ်ငွေ (၆၈၅)ဘီလီယံကျော်ရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၃-၅-၂၀၂၁)

    (ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး)