Main menu

Background

လတ်ဆတ်သောသစ်သီးဝလံများတင်သွင်းရန် တရုတ်-ဗီယက်နမ်နယ်စပ်တွင် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်

Mon, 05/24/2021 - 09:57 -- journal_editor

          ပြည်ပမှ လတ်ဆတ်သောသစ်သီးဝလံများတင်သွင်းမှုကို ကိုင်တွယ်ရန် တရုတ် နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တရုတ်-ဗီယက်နမ်နယ်စပ်ရှိ တုန်ရှင်း(Dongxing)ကုန်သွယ်ရေးစခန်းအား အတည်ပြုချက်ထုတ်ပေးလိုက်ပြီဖြစ်ပါသည်။

                ခွင့်ပြုချက်ရရှိပြီးနောက် မေလ (၁၅)ရက်နေ့တွင် ၎င်းစခန်းက ပထမဆုံး သစ်သီးဝလံအသုတ်အဖြစ် တန်ချိန် (၂၇၅)တန်အလေးချိန်ရှိသော နဂါးမောက်သီး၊ ပိန္နဲ သီးနှင့် ထိုင်းဒူးရင်းသီးများတင်ဆောင်လာသည့် ကုန်တင်ယာဉ် (၁၃)စီး အား အကောက်ခွန် ရှင်းလင်းမှုပြုလုပ်ပေးခဲ့ပါသည်။

                နန်နင်းမြို့ရှိ ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Benjamas Tanvetyanont က တုန်ရှင်းစခန်းမှတစ်ဆင့် သစ်သီးဝလံကုန်သွယ်မှုမှာ တရုတ်နှင့် ထိုင်း နှစ်နိုင်ငံလုံး၏ လယ်ယာစိုက်ပျိုးရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု များအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်ကာ၊ တရုတ်စားသုံးသူများအား ပိုမို လတ်ဆတ်သည့် ထိုင်းနိုင်ငံမှ သစ်သီးဝလံများကို မြည်းစမ်းကြည့်နိုင်ခွင့်ရလာသည်ဟု မှတ်ချက်ပြု ပြောကြား ခဲ့ပါသည်။

                  ယခုအခါ တုန်ရှင်းအကောက်ခွန်မှတဆင့်  ဗီယက်နမ်နိုင်ငံမှ မင်းဂွတ်သီးနှင့် နဂါးမောက်သီးများအပါအဝင် သစ်သီး (၉)မျိုး၊ ထိုင်းနိုင်ငံမှ ဒူးရင်းသီးနှင့် နှင်းသီးများအပါ အဝင် သစ်သီး (၂၂)မျိုးအား တင်သွင်းနိုင်ပြီဖြစ်ကြောင်း တုန်ရှင်း အကောက်ခွန်မှ အရာရှိ Li Shuqing က ပြောကြားပါသည်။

                 တုန်ရှင်း ကူးသန်းရောင်းဝယ်ရေးနှင့် ဆိပ်ကမ်းစီမံခန့်ခွဲရေးဗျူရိုမှ ဒုတိယ ညွှန်ကြားရေးမှူး Li Jinfeng က တုန်ရှင်းစခန်းတွင် ယခင်က ပမာဏနည်းပါးသည့် နယ်စပ်ကုန်သွယ်ရေးကိုသာ ဆောင်ရွက်ခဲ့ပြီး ဗီယက်နမ်မှ သစ်သီးဝလံ (၉)မျိုးကိုသာ တင်သွင်းရန် ခွင့်ပြုခဲ့ကြောင်း၊ ယခုအခါ တင်သွင်းခွင့်ပြုသည့် သစ်သီးဝလံအမျိုးအစား များအား ပိုမိုခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် ဆက်စပ်နေသည့် ကုန်စည်သယ်ယူပို့ဆောင် ရေး၊ သိုလှောင်ရုံ၊ ဘဏ္ဍာရေးနှင့် အခြားဝိုင်းဝန်းပံ့ပိုးပေးသည့် ဝန်ဆောင်မှုကဏ္ဍများတွင် အခွင့်အလမ်းအသစ်များ ပိုမိုရရှိလာတော့မည်ဖြစ်ကြောင်း ပြောကြားပါသည်။

ရင်းမြစ်၊ Xinhua (၁၈-၅-၂၀၂၁)

   (ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး)