Main menu

Background

နည်းလမ်းအသွယ်သွယ်ဖြင့်သယ်ယူပေးသည့် မီးရထားလမ်းကြောင်းအသစ်က တရုတ်-အာဆီယံကုန်သွယ်ရေးအား မြှင့်တင်ပေး

Mon, 05/24/2021 - 11:44 -- journal_editor

         တရုတ်နှင့် လာအိုနိုင်ငံတို့အကြား  လယ်ယာစိုက်ပျိုးရေးကုန်ပစ္စည်းများကို နည်းလမ်းအသွယ်သွယ်ဖြင့် သယ်ယူပို့ဆောင်မည့် ပထမဆုံးနယ်စပ်ဖြတ်ကျော် ကုန်တင် ရထားမှာ မေလ (၁၃)ရက်နေ့တွင် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမှ စတင်ထွက်ခွာခဲ့ပါသည်။ ၎င်းမီးရထားလမ်းကြောင်းအား ဗီယက်နမ်မှတစ်ဆင့် ဖြတ်သန်းပြေးဆွဲခြင်းဖြစ်ပါသည်။

             ၎င်းမီးရထားမှာ ကွန်ပေါင်းဓာတ်မြေသြဇာများကို တွဲ(၁၃)တွဲပေါ်တွင် တင်ဆောင်ခဲ့ပြီး၊ ပင်းရှန်နယ်စပ်စစ်ဆေးရေးစခန်းမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့၊ ထို့နောက် ဗီယက်နမ်နိုင်ငံမှ လာအိုနိုင်ငံသို့ ပြေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

မီးရထားလမ်း၏ အရှည်မှာ (၁,၃၀၀)ကီလိုမီတာဝန်းကျင်ရှိပြီး၊ လာအိုသို့ ရောက်ရှိရန် အချိန် (၄)ရက်ကြာမြင့်ပါသည်။

             အဆိုပါခရီးမှာ မီးရထားလမ်းနှင့် ကားလမ်းနှစ်သွယ်ကို ပေါင်းစပ်ထားသည့် အာဆီယံနိုင်ငံနှစ်နိုင်ငံကို ဖြတ်သွားသော ခရီးရှည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် အဖြစ် စတင်လိုက်ခြင်းဖြစ်ပါသည်။ ဤသို့ပြေးဆွဲမှုမှာ တရုတ်နှင့် အာဆီယံအကြား နှစ် နိုင်ငံကုန်သွယ်မှုအား မြှင့်တင်ပေးကာ၊  ပြည်တွင်းပြည်ပဈေးကွက်များအားပေါင်းစပ်သည့် ဖွံ့ဖြိုးမှုပုံစံအသစ် အားကောင်းလာစေရန် ကူညီပေးခြင်းဖြစ်ပါသည်။

               အချိန်ကြာမြင့်ခြင်းကြောင့် ဆုံးရှုံးရမှုများကို လျှော့ချရန် ပင်းရှန်စစ်ဆေးရေး ဂိတ်၌ စာရွက်မဲ့ အကောက်ခွန်ရှင်းလင်းမှုကို ပြုလုပ်ပေးနေပြီး၊  တရုတ်နယ်နိမိတ်ထဲမှ မီးရထား မထွက်ခွာမီ တွဲအတွင်းအပြင် ပိုးသတ်ခြင်းကို နှစ်ကြိမ်ပြုလုပ်ပေးခဲ့ပါသည်။

             ယခုလမ်းကြောင်းအသစ်ကို အသုံးပြုခြင်းဖြင့် သမားရိုးကျ ပင်လယ် ရေကြောင်းမှ တင်ပို့မှုကြာမြင့်ချိန်ထက် (၁၀)ရက်ကျော် ပိုမိုမြန်ဆန်ကြောင်း၊ သယ်ယူ ပို့ဆောင်ပေးနိုင်သည့်စွမ်းရည်မှာလည်း (၅၀)ရာခိုင်နှုန်းကျော် ပိုမိုလာကြောင်း Sinotrans (ကွမ်ရှီး)မှ ဒုတိယညွှန်ကြားရေးမှူး Wu Jieက မှတ်ချက်ပြုပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၇-၅-၂၀၂၁)

   (ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး)