Main menu

Background

Moderna နှင့် Samsung Biologics တို့၏ သဘောတူစာချုပ်ရေးထိုးပြီးစီးမှုမှသည် COVID-19 ကာကွယ်ဆေးထုတ်လုပ်ရာ အချက်အချာဒေသကြီးဖြစ်လာတော့မည့် တောင်ကိုရီးယားနိုင်ငံ

Wed, 05/26/2021 - 11:37 -- journal_editor

           တောင်ကိုရီးယားဇီဝနည်းပညာကုမ္ပဏီ Samsung Biologics နှင့် အမေရိကန်ဇီဝနည်း ပညာကုမ္ပဏီ Moderna တို့ပူးပေါင်း၍ အာရှနိုင်ငံများအတွက် COVID-19 ကာကွယ်ဆေးများကို တောင်ကိုရီးယားနိုင်ငံ၊ Samsung စက်ရုံ၌ထုတ်လုပ်သွားရန် သဘောတူစာချုပ်ကို တောင်ကိုရီးယား သမ္မတမွန်ဂျေအင်း၏ အမေရိကန်ပြည်ထောင်စုသို့ ခရီးစဉ်ကာလအတွင်းတွင် Washington, D.C. ၌ ချုပ်ဆိုခဲ့ပြီး၊ သက်ဆိုင်ရာကုမ္ပဏီ(၂)ခုမှ CEO များသည် သမ္မတမွန်ဂျေအင်း ရှေ့မှောက်၌ လက်မှတ် ရေးထိုးခဲ့ကြကြောင်း (၂၂-၅-၂၀၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။

        ယခုကဲ့သို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်နိုင်ခြင်းသည် တောင်ကိုရီးယားနိုင်ငံအတွင်း COVID-19 ကာကွယ်ဆေးများ လုံလောက်စွာ ထောက်ပံ့နိုင်ရေးနှင့်  တောင်ကိုရီးယားနိုင်ငံအား COVID-19 ကာကွယ်ဆေးထုတ်လုပ်သည့် အချက်အချာဒေသကြီးဖြစ်လာစေရေး သမ္မတမွန်ဂျေအင်း ၏မျှော်မှန်းချက်များကို ပြည့်ဝလာစေတော့မည်ဖြစ်ပါသည်။

         သို့ရာတွင် အချို့ကမူ ၎င်းသဘောတူညီချက်ကိုချီးမွမ်းရန် အချိန်စောလွန်းသေးကြောင်း၊  အဘယ်ကြောင့်ဆိုသော် ယခု Samsung Biologics နှင့် Moderna တို့၏ သဘောတူညီချက်ကို လက်မှတ်ရေးထိုးမှုသည် COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်ခုလုံးအတွက် မဟုတ်သေးဘဲ ဆေးဖြည့်ခြင်းနှင့်ထုတ်ပိုးခြင်းလုပ်ငန်းစဉ် “Fill & Finish” အတွက်သာဖြစ်၍ ဖြစ်ကြောင်း သိရှိရပါသည်။ Moderna သည် ပုံမှန်အခြားနည်းလမ်းများထက် ပိုမိုထိရောက်သည်ဟု လူသိများသော messenger RNA (mRNA) နည်းပညာကိုအသုံးပြု၍ ၎င်း၏ COVID-19 ကာကွယ် ဆေးကို ထုတ်လုပ်နေခြင်းဖြစ်ပါသည်။

          ၎င်းကုမ္ပဏီနှစ်ခု၏ပူးတွဲကြေညာချက်တစ်ရပ်အရ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ရှိ Songdo ခရိုင်တွင်အခြေစိုက်သော Samsung Biologics သည် ကမ္ဘာ့အကြီးဆုံးဆေးဝါးထုတ်လုပ် သည့်ကုမ္ပဏီကြီးတစ်ခုဖြစ်ရာ Moderna ၏ COVID-19 ကာကွယ်ဆေး mRNA-1273 ပမာဏ များစွာအား Fill-Finish အပြီးသတ်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို Samsung Biologics က ကောင်းစွာ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ သဘောတူညီချက်အရ နည်းပညာလွှဲပြောင်းမှုကို အဆိုပါ အင်ချွန်းရှိ Samsung Biologics စက်ရုံ၌ ချက်ချင်းစတင်မည်ဖြစ်ပြီး၊ ဆေးဖြည့်ခြင်း၊ ပိုးသတ်ခြင်း၊ တံဆိပ်ကပ် ခြင်း၊ ထုတ်ပိုးခြင်း စသည်တို့အား အဆင့်မြင့်ထုတ်လုပ်မှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ရာ Moderna ၏သန်းပေါင်းရာနှင့်ချီသော COVID-19 ကာကွယ်ဆေးများသည် ၂၀၂၁ ခုနှစ်၊ တတိယသုံးလပတ်ကာလမှစတင်၍ အမေရိကန်နိုင်ငံ၏ပြင်ပတွင် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထား ကြောင်း သိရှိရပါသည်။

           အခြား COVID-19 ကာကွယ်ဆေးများဖြစ်ကြသော AstraZeneca နှင့် Novavax တို့အား တောင်ကိုရီးယားအခြေစိုက် SK Group ၏ဆေးဝါးထုတ်လုပ်သည့်တွဲဖက်ကုမ္ပဏီ SK Bioscience မှ ထုတ်လုပ်လျက်ရှိရာ၊ ယခု Samsung-Moderna သဘောတူစာချုပ်သည် တောင်ကိုရီးယားနိုင်ငံအား COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် ကမ္ဘာလုံးဆိုင်ရာအချက်အချာဒေသကြီးဖြစ်လာစေရေး မျှော်မှန်းချက်နှင့် တစ်ဖြည်းဖြည်းနီးကပ်နေပြီဖြစ်ကြောင်း တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှု နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ကြီး Moon Sung-wook က အမေရိကန်-တောင်ကိုရီးယား တွေ့ဆုံမှု အခမ်းအနား၏ဆက်စပ်အခမ်းအနားအဖြစ် Sejong Government Complex ၌ Online Briefing ကျင်းပစဉ် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

          Moderna ၏ mRNA COVID-19 ကာကွယ်ဆေးသည် တောင်ကိုရီးယားနိုင်ငံ၊ စားနပ် ရိက္ခာနှင့်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးဝန်ကြီးဌာန (Ministry of Food & Drug Safety- MFDS) ဝန်ကြီးဌာန၏ လိုင်စင်ခွင့်ပြုချက်ရရှိရေးအတွက် ဆောင်ရွက်ဆဲဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်၊ မေလ(၁၀) ရက် နေ့တွင်ပြုလုပ်ခဲ့သော ပထမအဆင့် Panel’s Review တွင် ၎င်းကာကွယ်ဆေးသည် ထိရောက်မှုနှုန်း (၉၄) ရာခိုင်နှုန်းကျော်ရှိသဖြင့် အသုံးပြုရန်သင့်လျော်သည်ဟု MFDS က ပြောကြားခဲ့ပါသည်။ ထို့ပြင် Moderna အနေဖြင့် တောင်ကိုရီးယားနိုင်ငံတွင်အခြေစိုက်၍ ကာကွယ်ဆေးကိုထုတ်လုပ်ရန် ဆန္ဒရှိ ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဉီးက အတည်ပြုပြောကြားခဲ့ပါသည်။ အကယ်၍ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပါက တောင်ကိုရီးယားနိုင်ငံ၏ ဇီဝနည်းပညာကျွမ်းကျင်သူများကို ငှားရမ်းရန် Moderna ကုမ္ပဏီမှဆောင်ရွက်ရမည်ဖြစ်ရာ တောင်ကိုရီးယားအစိုးရကလည်း လွယ်ကူ လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့်အထောက်အပံ့များကို ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

Source: The Korea Times (24-5-2021)

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)