Main menu

Background

ပြန်လည်ရင်းနှီးမြှုပ်နှံရန်နှစ်သက်သော ထိပ်တန်းနေရာအဖြစ် (၄)နှစ်ဆက်တိုက် ရပ်တည် နေဆဲဖြစ်သည့် ကွမ်ကျိုး

Thu, 05/27/2021 - 11:53 -- journal_editor

         ကွမ်ကျိုးသည် ပြန်လည်ရင်းနှီးမြှုပ်နှံရန်နှစ်သက်သော ထိပ်တန်းနေရာအဖြစ် (၄)နှစ်ဆက်တိုက်ရပ်တည်နေသည့်မြို့ဖြစ်ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်းရှိ အမေရိကန် ကုန်သည်များအသင်းမှ မေလ (၂၄)ရက်နေ့တွင် ထုတ်ပြန်ချက်အရ သိရပါသည်။

          ၎င်းထုတ်ပြန်ချက်အရ ကုမ္ပဏီပေါင်း (၁၁၅)ခုအား စစ်တမ်းကောက်ယူခဲ့ရာ  ကုမ္ပဏီအများစုက ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့နှင့် နီးကပ်စွာ တည်ရှိနေသည့် ကွမ်ကျိုးဈေးကွက်၏ ဖွံ့ဖြိုးမှုအလားအလာနှင့် တရုတ်၏ အခြားနေရာများထက် အခြေခံ အဆောက်အအုံပိုမိုကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီတည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊  ကုမ္ပဏီများ၏ (၉၀)ရာခိုင်နှုန်းခန့်မှာ ကွမ်ကျိုးတွင် အကျိုးအမြတ်များ ရရှိနေကြပြီး၊ ကျန်ကုမ္ပဏီများမှာ လာမည့် (၂)နှစ်အတွင်း အမြတ်ရရှိမည်ဟု မျှော်လင့် ထားကြကြောင်း သိရပါသည်။

         COVID-19 ကြောင့် ယမန်နှစ်က အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရသော်လည်း ယခုနှစ်တွင် ကာကွယ်ဆေးများထိုးနှံမှုကြောင့် စီးပွားရေးပြန်လည်နာလန်ထူလာပြီဖြစ် ကြောင်း၊ အဖွဲ့ဝင်ကုမ္ပဏီများမှာ  ကွမ်ကျိုးအစိုးရထံမှ ပံ့ပိုး ကူညီပေးသည့် မူဝါဒများနှင့် လက်တွေ့ကျသော အကူအညီများကြောင့် ဆက်လက်ဖွံ့ဖြိုးလာပြီး၊ အကျိုးအမြတ်များ ဖြစ်ထွန်းရရှိကြကြောင်း  တရုတ်နိုင်ငံတောင်ပိုင်း အမေရိကန်ကုန်သည်များအသင်း၏ ဉက္ကဌ Dr. Harley Seyedin က မှတ်ချက်ပြုပြောကြားပါသည်။

         ကွမ်ကျိုးအား ကမ္ဘာတစ်ဝှမ်းမှ လုပ်ငန်းများအတွက် အကောင်းဆုံး ရင်းနှီး မြှုပ်နှံမှု ဉီးတည်ရာနေရာအဖြစ်ဖန်တီးရန် စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်အား အကောင်း ဆုံးဖြစ်စေရန် မူဝါဒများချမှတ်ခြင်း၊ ဈေးကွက် အားကောင်းခိုင်မာစေရေး လှုံ့ဆော်ပေးနိုင်ရန် အထူးအစီအမံများကြေညာပေးခြင်းနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး တိုးမြှင့် ဆောင်ရွက်ပေးခြင်းတို့ကဲ့သို့သော အားထုတ်ကြိုးပမ်းမှုများဖြင့် ရှေ့ဆက်ဆောင်ရွက် နေကြောင်း သိရပါသည်။

           ကုမ္ပဏီများ၏ (၇၀)ရာခိုင်နှုန်းက လာမည့် (၃)နှစ်အတွင်း ကွမ်ကျိုး၌ လုပ်ငန်း တိုးချဲ့ရန် စီစဉ်နေကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ထိုသို့ ကွမ်ကျိုးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် (သို့မဟုတ်) ကွမ်ကျိုးသို့ ရင်းနှီးမြှုပ်နှံမှုများ ရွှေ့ပြောင်းရန် ကုမ္ပဏီများအား ဆွဲဆောင်နေသည့် အခြေခံအကြောင်းရင်းမှာ ၎င်း၏ဒေသတွင်းဈေးကွက် ဖွံ့ဖြိုးမှုအလားအလာကြောင့်ဖြစ်ပါသည်။

ရင်းမြစ်၊ Newsgd.com (၂၅-၅-၂၀၂၁)

(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)