ကမ္ဘာတစ်ဝှမ်းတွင် လက်ရှိထုတ်လုပ်ထားသည့် ကာကွယ်ဆေးများ ထိရောက်မှုမရှိသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ဗီဇမျိုးကွဲအသစ်များပေါ်ထွက်လာကာ ကူးစက်မှု များ ထပ်မံဖြစ်ပွားလာသဖြင့် လူသားများ ကြောက်ရွံ့ထိတ်လန့်နေကြပါသည်။ ထိုအချိန် အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးအမျိုးမျိုးမှ ကာကွယ်ပေးနိုင်မည့် ကာကွယ်ဆေးကို ဖွံ့ဖြိုး ထုတ်လုပ်ရန် အလားအလာများအား မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လေ့လာမှုတွင် ဖော်ပြထားပါသည်။
စင်ကာပူအခြေစိုက် အရေးပေါ်ရောဂါ အထူးကုဖြစ်သူ Wang Linfa နှင့် ၎င်း၏အဖွဲ့က လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)အတွင်း ရောဂါကူးစက်ခံရသူ (၈)ဉီးအပေါ် သုတေသနပြုလုပ်ခဲ့ပြီး မကြာသေးမီက နှစ်ကြိမ်ထိုးနှံရသည့် RNA ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပါသည်။ ထို့နောက် ၎င်းတို့၏ သွေးအတွင်း ဖြစ်ပေါ်လာသည့် ရောဂါ ကာကွယ် သောပဋိပစ္စည်းများ (antibodies)က SARS ရောဂါကို ဖြစ်ပွားစေသည့် SARS-CoV-2 နှင့် SARS-CoV တို့၏ အစောပိုင်းဗီဇများကို အာနိသင်ပျက်ပြယ်စေသည့် အလားအလာရှိ ကြောင်း တွေ့ရှိခဲ့ပါသည်။
ထို့ပြင် ၎င်းရောဂါပျက်ပြယ်စေသည့် ပဋိပစ္စည်းများမှာ SARS-CoV-2၏ မျိုးကွဲများဖြစ်သည့် အယ်လ်ဖာ၊ ဘီတာနှင့် ဒယ်လ်တာမျိုးကွဲများကိုပါ ကောင်းစွာကာကွယ် နိုင်ကြောင်းနှင့် လူသားများကို ကူးစက်နိုင်သည့် အလားအလာရှိသော လင်းနို့များနှင့် သင်းခွေချပ်များတွင် တွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်နေသည့် ဗိုင်းရပ်စ်(၅)မျိုး ကိုပါ တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။
အဆိုပါလေ့လာမှုအရ SARS ရောဂါကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာ သူများတွင် COVID-19 ကာကွယ်ဆေးထိုးပြီးနောက် SARS-CoV-2 မျိုးစိတ်အမျိုးမျိုးနှင့် လင်းနို့များနှင့် သင်းခွေချပ်များတွင် တွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်များကို တိုက်ထုတ်နိုင် သည့် စွမ်းအားကြီးသည့် ကိုယ်ခံအားအမျိုးအစားကို ထုတ်လုပ်နိုင်သည့်ပုံပေါ်ကြောင်း အကြံပြုတင်ပြထားပါသည်။ ၎င်းလေ့လာချက်ကို ဩဂုတ်လ (၁၈)ရက်နေ့တွင် ထုတ်ဝေ သည့် The New England Journal of Medicine တွင် ဖော်ပြထားပါသည်။
SARS-CoV မှာ Sarbecovirus ၏ ဗီဇမျိုးကွဲတစ်ခုဖြစ်ကာ၊ Betacoronavirus အနွယ်နှင့် Sarbecoronavirus အနွယ်ခွဲဖြစ်ပါသည်။ SARS နှင့်ဆက်နွယ်သည့် ကိုရိုနာ ဗိုင်းရပ်စ်များနှင့် ကိုရိုနာဗိုင်းရပ်စ်ပိုးများကို လင်းနို့များနှင့် သင်းခွေချပ်များတွင် တွေ့ရကာ၊ Sarbecovirus အနွယ်ဖြစ်ပါသည်။ ၎င်း Sarbecovirus များကို နို့တိုက်သတ္တဝါအချို့တွင် တွေ့ရပြီး လူသားများထံ ကူးစက်နိုင်သည့် အလားအလာရှိပါသည်။ ၎င်း Sarbecovirus ကိုယ်တွင်းသို့ဝင်ရောက်လာပါက angiotensin-converting enzyme 2 (ACE2) ဟု သိကြသည့် လူသားဆဲလ်များအတွင်း ၎င်း၏ ဆူးများဖြင့် တွယ်ချိတ်ထားတတ်ပါသည်။
ကာကွယ်ဆေးအပြည့်ထိုးနှံထားပြီးသည့် COVID-19 ကူးစက်မှုမှ ပြန်လည် ကောင်းမွန်လာသူများ၏ သွေးနမူနာများအရ ကိုယ်တွင်းမှ ပဋိပစ္စည်းများ၏ တုံ့ပြန်မှုအရ ထိုကဲ့သို့ အလားအလာများ မရှိတော့ဘဲ၊ ကာကွယ်နိုင်စွမ်း ကျယ်ပြန့်ကြောင်း တွေ့ရပါ သည်။ ထိုကဲ့သို့ ကျယ်ပြန့်သောကာကွယ်နိုင်စွမ်း မြင့်လာခြင်းမှာ ကာကွယ်ဆေးက ကိုယ်ခံစွမ်းအားစနစ်၏ SARS ဗိုင်းရပ်စ်မှတ်ဉာဏ်ကို လှုံ့ဆော်ပေးသောကြောင့် ဖြစ်နိုင် ကြောင်း၊ SARS နည်းတူ အခြား sarbecoviruses များကိုလည်း ကာကွယ်ပေးနိုင်မည့် အလားအလာရှိကြောင်း သုတေသီများက အကြံပြုထားပါသည်။ သို့ရာတွင် အချိန်မည်မျှ ကြာကြာ ကိုယ်ခံစွမ်းအားက တုံ့ပြန်နိုင်မည်ဟူသည်ကိုမူ ရှင်းလင်းစွာ သိရှိရခြင်း မရှိသေး သည့်အပြင်၊ ကျယ်ပြန့်သည့် ကိုယ်ခံစွမ်းအား တုံ့ပြန်မှုက ဗိုင်းရပ်စ်များ၏ မည်သည့် အပိုင်းများကို တုံ့ပြန်သည်ဟူသည်ကို တိတိကျကျ သိရှိခြင်းမရှိသေးပါ။ ထိုအချက်က ကာကွယ်ဆေးများကို ထုတ်လုပ်ရန် အဓိကကျနေပါသည်။
စင်ကာပူမှ အရေးပေါ်ရောဂါ အထူးကု Wang Linfa သည် sarbecoviruses အမျိုးမျိုးကို ကာကွယ်နိုင်မည့် အလားအလာရှိသည့် ကာကွယ်ဆေးများ ထုတ်လုပ်နိုင်မည့် အပေါ် ရည်မှန်းချက်ထားကာ လုပ်ကိုင်ဆောင်ရွက်နေပြီး၊ ပိုမိုကျယ်ပြန့်သည့် လေ့လာမှု ပြုလုပ်နိုင်ရန် ၂၀၀၂-၀၄ ခုနှစ်အတွင်း SARS ရောဂါပျံ့နှံ့ဖြစ်ပွားခဲ့စဉ်က ရောဂါမှ ပြန်လည် ကောင်းမွန်လာသူများ ထပ်မံပူးပေါင်းပါဝင်လာရန်နှင့် အခြား COVID-19 ကာကွယ်ဆေး များကို ထိုးနှံ၍ တုံ့ပြန်မှုကို စစ်ဆေးမှုခံယူရန် မျှော်လင့်နေကြောင်း သိရပါသည်။
ရင်းမြစ်၊ Newsgd.com (၂၃-၈-၂၀၂၁)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး