Main menu

Background

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ တန်ဖိုးကြီးမားသည့် အနက်ရောင်မြေဆီလွှာကို ကာကွယ်ရန် လီရှူစံပုံစံကို ပိုမိုကျင့်သုံးလာ

Mon, 08/30/2021 - 12:28 -- journal_editor

            တရုတ်နိုင်ငံသည် ၎င်း၏ (၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅)အတွင်း အနက်ရောင်မြေဆီလွှာ ဟက်တာ (၆.၆၇)သန်းကို ကာကွယ်ရေးလုပ်ငန်း အား အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကာ၊ မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်းများ ပါဝင်မှုကို (၁၀)ရာခိုင်နှုန်းတိုးမြှင့်လျက်၊ လယ်ယာမြေ အရည်အသွေးကို တိုးတက်စေရေး ပြုလုပ်သွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနနှင့် အခြားဌာန (၆)ခုတို့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော စီမံကိန်းတွင် ဖော်ပြထားပါသည်။

             အနက်ရောင် မြေဆီလွှာသည် ကမ္ဘာပေါ်တွင် မြေဩဇာအကြွယ်ဝဆုံး မြေဆီ လွှာအဖြစ် အသိအမှတ်ပြုခြင်းခံရကာ၊ သဘာဝအခြေအနေများအောက်တွင် အနက်ရောင် မြေဆီလွှာ (၁)စင်တီမီတာထုထည် ဖြစ်ပေါ်လာစေရန် နှစ်ပေါင်း (၂၀၀)မှ (၄၀၀)အထိ ကြာမြင့်သည်ဟု တရုတ်သိပ္ပံအကယ်ဒမီက ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ကြေညာခဲ့ပါ သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ စတုရန်းကီလိုမီတာ (၁.၀၉)သန်း ကျယ်ဝန်း သည့် ဒေသသည် ကမ္ဘာပေါ်တွင် အနက်ရောင်မြေဆီလွှာ အဓိကရှိသည့် ဒေသကြီး (၄)ခုအနက် တစ်ခုအဖြစ် အပါအဝင်ဖြစ်ကာ၊ တရုတ်နိုင်ငံတွင် မြေဩဇာအကောင်းဆုံး နေရာတစ်နေရာလည်း ဖြစ်ပါသည်။ ၎င်းဒေသတွင် စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ၏ ထွက်ရှိမှုမှာ တရုတ်တစ်နိုင်ငံလုံးမှ ထွက်ရှိမှု၏ လေးပုံတစ်ပုံခန့်ရှိပါသည်။

           သို့ရာတွင် ယခုနောက်ပိုင်း၌ သီးနှံထွန်ရက်စိုက်ပျိုးမှုနှင့် ရာသီဉတု ပြောင်းလဲမှုများကြောင့် တရုတ်အရှေ့မြောက်ပိုင်းရှိ အနက်ရောင်မြေဆီလွှာမှာ ပါးလွှာ လာခြင်း၊ ဧရိယာကျဉ်းမြောင်းလာခြင်းနှင့် မာကြောလာခြင်းစသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့လာ ပါသည်။

             အချို့နေရာများတွင် မြေဆီလွှာအတွင်း အော်ဂဲနစ်ပစ္စည်းများပါဝင်မှု သုံးပုံ တစ်ပုံမှ ထက်ဝက်ခန့်အထိ ကျဆင်းလာခြင်း၊ မြေဆီလွှာအတွင်း ရေသိုလှောင်နိုင်စွမ်း ကျဆင်းလာခြင်းအပြင်၊ မြေဆီလွှာအထူ (၂၀)စင်တီမီတာအောက် လျော့နည်းလာကာ ၊ တစ်နှစ်လျှင် (၁) မီလီမီတာမှ (၂)မီလီမီတာကြား ပါးလွှာလာခြင်းတို့ ဖြစ်ပွားလာပါသည်။

အရှေ့မြောက်ပိုင်းတွင် ရာသီဉတုမှာ အေးလွန်းပြီး၊ မြေဆီလွှာမှာ လေနှင့် ရေတို့၏ တိုက်စားမှုကြောင့် ထိခိုက်ပျက်စီးလွယ်လာပါသည်။

            ထိုအခြေအနေတွင် ကျိလင်ပြည်နယ်၊ စစ်ပင်း၊ လီရှုစီရင်စုတွင် အနက် ရောင်မြေဆီလွှာ အရည်အသွေးကို တိုးတက်လာစေရေးအတွက် ပြောင်းဖူးပင်များမှ ထွက်သည့် ကောက်ရိုးစများဖြင့် ဖုံးအုပ်ထားသည့် နည်းလမ်းမှာ ထိရောက်စွာထိန်းသိမ်း ထားနိုင်သည်ကို တွေ့ရှိခဲ့ကြပြီး၊ ၎င်းနည်းလမ်းကို လီရှုစံပုံစံဟု လူသိများလာကြပါသည်။  ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း တရုတ်သမ္မတ၏ စစ်ပင်းသို့ ခရီးစဉ်အတွင်း အဆိုပါလီရှု စံပုံစံကို မြှင့်တင်ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့ပါသည်။

            ၎င်းစီရင်စုတွင် လယ်ယာစိုက်ပျိုးရေးနည်းပညာကို ကြီးကြပ်သည့် အရာရှိ ဖြစ်သူ Wang Guiman က မြေကြီးကို ကောက်ရိုးဖြင့် ဖုံးလွှမ်းထားကာ ထွန်ယက်သည့် နည်းလမ်းမသုံးဘဲ စိုက်ပျိုးခြင်းမှာ သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသည့် နည်းပညာ တစ်ရပ်ဖြစ်ကာ၊ မြေဆီလွှာ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ ရေနှင့် လေတိုက်စားမှုများမှ ကာကွယ်ပေးခြင်း၊ မြေဩဇာ ပိုမိုကြွယ်ဝစေခြင်း၊ ထွန်ယက်စိုက်ပျိုးရမှုကို လျှော့ချပေး ခြင်းနှင့် ငွေကုန်သက်သာခြင်းစသည့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေကြောင်း ၊ လီရှူ စံပုံစံဟူသည်မှာ အနက်ရောင်မြေဆီလွှာကို ကောက်ရိုးစောင်ခြုံပေးသည်နှင့် အလား သဏ္ဍာန်တူကြောင်း မှတ်ချက်ပြုပြောကြားပါသည်။

၎င်း၏ ပြောကြားချက်အရ ထွန်ယက်စိုက်ပျိုးမှုမပြုခြင်းက မြေဆီလွှာ ဆုံးရှုံး မှုကို ပျမ်းမျှ (၈၀)ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကာ၊ မြေဆီလွှာအတွင်း ရေသိုလှောင်မှု စွမ်းရည်ကို တိုးတက်စေလျက်၊ သီးနှံများအား မိုးခေါင်မှုဒဏ်မှ ပိုမိုခံနိုင်ရည်ရှိစေကြောင်း သိရပါသည်။

           ၎င်းနည်းလမ်းကို ပိုမိုအသုံးပြုလာကြစေရန် ဒေသခံ လယ်ယာစိုက်ပျိုးရေး သမဝါယမများနှင့် အဖွဲ့များ ဖွဲ့စည်း၍ သရုပ်ပြသသည့်အခြေစိုက်နေရာများကို စီရင်စုက ဖွဲ့စည်းတည်ထောင်ထားကာ၊  ထိုနည်းလမ်းကို အသုံးပြုသည့် လယ်ယာမြေများအတွက် တစ်ဟက်တာလျှင် ယွမ်ငွေ (၇၅၀) (အမေရိကန်ဒေါ်လာ ၁၁၆ ဒေါ်လာ) ထောက်ပံ့ပေး လျက် လက်တွေ့ တွင်တွင်ကျယ်ကျယ် ကျင့်သုံးလာစေရေး အားပေးလျက်ရှိပါသည်။

           အနက်ရောင်မြေဆီလွှာများတွင် ဖုံးလွှမ်းသည့် ပြောင်းဖူးကောက်ရိုးများ လုံလောက်စွာ ရရှိစေရန် ပြောင်းထုတ်လုပ်မှု ပိုမိုများပြားလာစေရေး မြှင့်တင်ဆောင်ရွက် လျက်ရှိကာ၊ အပင်ကာကွယ်ရေး ဒရုန်းယာဉ်များကို အသုံးပြုလျက် ပေါင်းပင်များကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။

            သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ကောက်ရိုးများကို ဇီဝဗေဒနည်းလမ်းဆိုင်ရာ ထိန်းသိမ်းပေးမှုများ၊ မြေဩဇာကြွယ်ဝလာစေရေးနည်းပညာများ၊ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာစက်များနှင့် မြေဆီလွှာ စောင့်ကြည့်ထိန်း ကျောင်းရေး စသည်တို့တွင် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်ပါသည်။

နောင်လာမည့် (၅)နှစ်အတွင်း မြေဆီလွှာတိုက်စားမှု ထိန်းချုပ်ရေး၊ လယ်ယာ မြေ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ မြေဆီပြည့်ဝသည့် စိုက်ပျိုးရေးအလွှာ တစ်လွှာ ပြုစုပျိုးထောင်ရေးနှင့် လယ်ယာမြေအရည်အသွေးကို အကဲဖြတ်စောင့်ကြည့် ထိန်းကျောင်းရေးတို့အပေါ် အလေးထားဆောင်ရွက်သွားမည်ဟု သိရပါသည်။

            (၂၀၂၅) ခုနှစ်အကုန်ပိုင်းတွင် တရုတ် အရှေ့မြောက်ပိုင်းရှိ အနက်ရောင်မြေဆီ လွှာအပေါ်တွင် အရည်အသွေးမြင့် လယ်ယာမြေ ဟက်တာ(၃.၃)သန်း ရှိလာပြီး၊ ခြောက် သွေ့သည့်မြေ၏ အပေါ်တွင် စင်တီမီတာ (၃၀)အထူရှိသည့် စိုက်ပျိုးနိုင်သော မြေလွှာ တစ်လွှာဖြစ်ပေါ်လာမည်ဟု စီမံကိန်းအရ မျှော်မှန်းထားပါသည်။ ထို့ပြင် အနက်ရောင် မြေဆီလွှာ ကာကွယ်ရေးတွင် ပါဝင်နေသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် သွားရန်နှင့် အဆင့်မြင့်နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သရုပ်ပြသမှုများအား မြှင့်တင် ဆောင်ရွက်သွားရန်လည်း တရုတ်နိုင်ငံ၏ စီမံကိန်းတွင် ဖော်ပြထားပါသည်။

ရင်းမြစ်၊ China Daily  (၁၂-၈-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး