အိန္ဒိယနိုင်ငံ၌ ဥတာပရာဒေ့ရှ်ပြည်နယ် ရွေးကောက်ပွဲမတိုင်မီကာလအတွင်း ပဲမျိုးစုံ ဈေးကွက်တွင် ဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းချုပ်နိုင်ရန် ဗဟိုအစိုးရက ကြိုးပမ်းလျက်ရှိ သော်လည်း ပဲနီလေး လက်လီအရောင်းဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၉၀ ရူပီးနှင့်အထက်သို့ ရောက်ရှိပြီး ဖိအားများဖြစ်ပေါ်စေလျက်ရှိပါသည်။ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်း ပဲနီလေး ဈေးကွက်လိုအပ်ချက်အတွက် ကနေဒါနှင့် ဩစတေးလျနိုင်ငံတို့အပေါ် အလွန်အမင်း အမှီပြုနေရမှုကို လျော့ချလျက် ပင်လယ်နက်ဒေသရှိ ရုရှားနှင့် ကာဇက်စတန် တို့ကဲ့သို့သော နိုင်ငံများထံမှ ဝယ်ယူတင်သွင်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရန် အိန္ဒိယပဲကုန်သည်များက တိုက် တွန်းပြောဆိုလျက်ရှိပါသည်။
အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်၌ အရောင်တင်သန့်စင်မှုပြုလုပ်ထားခြင်းမရှိသော ပဲနီလေး လုံးပြည့်၏ ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၇၈ ရူပီးပေါက်ဈေးရှိပြီး အစိုးရက တောင်သူ များထံမှ ဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေး ၁ ကီလိုဂရမ်လျှင် ၅၁ ရူပီးနှုန်းထက် များစွာ မြင့်မားလျက်ရှိသည်။ အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက စုစည်းပြုစုထားသည့် စာရင်းများ အရ အိန္ဒိယတစ်နိုင်ငံလုံးအတွက် ပဲနီလေး၏ ပျမ်းမျှလက်လီဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ယခုနှစ် ဇန်နဝါရီလ၌ ၈၁ ရူပီးနှုန်းရှိရာမှ ဩဂုတ်လတွင် ၈၉ ရူပီးနှုန်းသို့ မြင့်တက်လာကြောင်း တွေ့ရှိရသည်။
အိန္ဒိယအစိုးရသည် ပြည်တွင်း ပဲမျိုးစုံဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့အား ကန့်သတ်ကုန်စည်အဖြစ်မှ ဖြေလျော့လျက် ၆ လတာ ကာလအထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်း၊ ပဲနီလေးအပေါ် ကောက်ခံသည့် သွင်းကုန်ခွန်အား ၃၀% မှ ၁၀% သို့ လျော့ချပေးခြင်း၊ ပဲမျိုးစုံ လက်ဝယ်ထားရှိသိုလှောင်နိုင်မှု ပမာဏကို ကန့်သတ်လျက် ရောင်းဝယ်မှု လုပ်ငန်းကွင်းဆက်၌ ပါဝင်သူများ၏ ကုန်လက်ကျန်ပမာဏကို အစိုးရ၏ စာရင်း ဇယားစင်္ကြန်သို့ ထုတ်ဖော်တင်ပြစေခြင်း၊ နောက်အကျဆုံး စီမံကြီးကြပ်မှုအဖြစ် နိုင်ငံပိုင် NCDEX လီမိတက်၏ ကုလားပဲရောင်းချမှု စာချုပ်အသစ်များ ထပ်မံချုပ်ဆိုမှုမပြုရန် ၁၆-၈-၂၀၂၁ နေ့၌ တားမြစ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
အစိုးရ၏ စာရင်းများအရ ၃၁-၇-၂၀၂၁ နေ့အထိ ပဲမျိုးစုံရောင်းဝယ်မှုတွင် ပါဝင်လုပ်ကိုင် နေသူ ၉၆၂၅ ဦး၏ လက်ဝယ်၌ ပဲတန်ချိန် ၂၉.၆၉ သိန်းရှိကြောင်း သိရှိရသည်။ သို့ရာတွင် ပဲမျိုးစုံ ဝယ်လိုအားနှင့် ရောင်းလိုအားဆိုင်ရာ စာရင်းအင်းများနှင့်ပတ်သက်၍ အစိုးရနှင့် ပဲကုန်သည် အသိုင်းအဝိုင်းတို့အကြားတွင် သဘောထားအမြင်ကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ပြည်တွင်း၌ နှစ်စဉ် ပဲနီလေးစားသုံးမှုမှာ တန်ချိန် သိန်း ၂၀ ခန့်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁၅ သိန်းခန့်ရှိသည်ဟု အစိုးရ၏စာရင်းများ၌ ဖော်ပြသော်လည်း ကုန်သည်များကမူ ၎င်းကိန်းဂဏန်းများအပေါ် သဘောတူညီမှုမရှိပဲ ပဲနီလေးမှာ တန်ချိန် ၁၀ သိန်းထက် ပိုမိုထုတ် လုပ်နိုင်မှုမရှိဟု ယုံကြည်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုပမာဏ ကွာဟချက်သည် အထူးသဖြင့် ပဲမျိုးစုံတင်သွင်းမှု မူဝါဒများအား မကြာခဏ ပြောင်းလဲရန် အစိုးရအပေါ် သက်ရောက်မှုဖြစ်ပေါ် စေသည်အထိ ကြီးမားမှုရှိသည်ဟု ကုန်သည်အသိုင်းအဝိုင်းက ရှုမြင်လျက်ရှိကြောင်း၊ ထို့အပြင် ပဲနီလေး အဓိကတင်ပို့ရာ ကနေဒါနိုင်ငံ၌ သီးနှံစိုက်ပျိုးသည့်ကာလအတွင်း အပူချိန်လွန်ကဲမှုနှင့် ကြုံတွေ့ရခြင်းအပေါ် ကုန်သည်များအနေဖြင့် စိုးရိမ်မကင်းဖြစ်နေကြကြောင်း စသည်ဖြင့် အိန္ဒိယ ပဲကုန်သည်များ၏ ပြောကြားမှုအပေါ် ကိုးကားလျက် Economic Times သတင်းဌာနက ဖော်ပြ ပါသည်။
အတိတ်ကာလ၌ အိန္ဒိယဘက်မှ သွင်းကုန်အပေါ် အကောက်ခွန်နှုန်း မည်မျှလျော့ချသည် ဖြစ်စေ ပြည်ပဈေးကွက်ရှိ ပို့ကုန်ဈေးနှုန်းများသည် ညီမျှစွာ မြင့်တက်လာလေ့ရှိသည်ကို အိန္ဒိယ ပဲတင်သွင်းသူများသည် တွေ့ကြုံခဲ့ရပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ စီမံဆောင်ရွက်မှုများမှာ ပြည်တွင်း ဈေးကွက်အပေါ် အပြုသဘောဆောင်သည့် ရလာဒ်များ ဖြစ်ပေါ်စေခဲ့ခြင်းမရှိကြောင်း၊ ကာဇက် စတန်နှင့် ရုရှားနိုင်ငံတို့ထံမှ ပဲနီလေးများအား ဝယ်ယူတင်သွင်းလျက် ပြည်တွင်းဈေးကွက်၌ ကွဲ ပြားခြားနားသည့် ဈေးကွက်အရင်းအမြစ်များမှ ပါဝင်ယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရေး သွင်းကုန်ဆိုင်ရာ အတည်ပြုချက် ထုတ်ပြန်ပေးသည့် လုပ်ငန်းစဉ်များကို လွယ်ကူမြန်ဆန်စေရန် အိန္ဒိယအစိုးရ အနေဖြင့် လုပ်ဆောင်သင့်ကြောင်း စသည်ဖြင့် JLV Agro ကုမ္ပဏီမှ ဒါရိုက်တာ Mr. Vivek Agarwal က ပြောကြားပါသည်။
လက်ရှိကာလတွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပင်ရောဂါ ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များ (PQ Order, 2003) ၏ နောက် ဆက်တွဲ အစီအစဉ် Schedule – VI တွင် ပြည်တွင်းစားသုံးမှုအတွက် ပဲနီလေးတင်သွင်းရန် ခွင့်ပြု ကြောင်း ဖော်ပြထားသည့် ၁၀ နိုင်ငံသာရှိပြီး ရုရှားနှင့် ကာဇက်စတန်နိုင်ငံတို့ထံမှ တင်သွင်းနိုင် ရန်အတွက် အဆိုပါစာရင်း၌ ပါဝင်ရန် လိုအပ်နေပါသည်။ အခြားတစ်ဘက်တွင် အကောက်ခွန် နှုန်းထား လျော့ချခဲ့သော်လည်း ကနေဒါနှင့် ဩစတေးလျနိုင်ငံတို့မှ ပဲနီလေး ပို့ကုန်ဈေးနှုန်းများ ကို မြှင့်တင်လျက်ရှိကြောင်း အိန္ဒိယကုန်သည်များက ပြောဆိုလျက်ရှိသည်။
အိန္ဒိယပြည်တွင်းဈေးကွက်၌ ကုလားပဲဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး ယခုနှစ် မိုးသီးနှံရာသီ၌ စိုက်ပျိုးထုတ်သည့် မတ်ပဲများမှာလည်း ရာသီဥတု အခြေအနေ ပုံသဏ္ဌာန် မမှန် ကန်မှုကြောင့် မျှော်မှန်းထားသည့် အထွက်ပမာဏအောက် လျော့ကျမည်ဟုခန့်မှန်းရပြီး ဈေးနှုန်း မြင့်တက်မည့် ဖိအားများရှိနေကြောင်း သိရှိရပါသည်။
Source: Importers urge govt to reduce lentils overdependence on Canada & Australia, try imports from Black Sea region, 27-8-2021, Economic Times
(နေအေးလွင်)
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့