Main menu

Background

ရာသီဉတုဆိုးရွားခဲ့သဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၏ သီးနှံများအထွက်နှုန်း ကျဆင်းနိုင်

Mon, 08/30/2021 - 14:47 -- journal_editor

               စွတ်စိုသောနွေဉီးရာသီဖြစ်ပေါ်ခဲ့ပြီး၊ နွေရာသီကာလတစ်လျှောက်တွင်လည်း မိုးသည်း ထန်စွာရွာသွန်းခဲ့ခြင်းတို့ကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ကောက်ပဲသီးနှံများ၊ ဟင်းသီး ဟင်းရွက်/သစ်သီးဝလံများ ရိတ်သိမ်း/ထွက်ရှိမှုအပေါ် သက်ရောက်နိုင်ကြောင်း သိရသည်။ ဆိုးရွားသည့်ရာသီဉတုဒဏ်ကြောင့် ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့နည်းတူ ဘယ်လ်ဂျီယံ နိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် အာလူးစိုက်ပျိုးထုတ်လုပ်မှုအပေါ်လည်း သက်ရောက်နိုင်သည် ဟု ဆိုသည်။

       ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးဒေသ၌ (၉၀) ရာခိုင်နှုန်းခန့်နှင့် ဝေါ်လိုနီးယားဒေသ၌ (၁၀) ရာခိုင်နှုန်းခန့် စိုက်ပျိုးထွက်ရှိသည့် သစ်တော်သီးများ၏ ယခုနှစ်အထွက်နှုန်းသည် ၂၀၂၀ ခုနှစ်ကထက် (၂၅) ရာခိုင်နှုန်း လျော့နည်းနိုင်သည်ဟု ခန့်မှန်းထားပါသည်။ ယခုနှစ် ထွက်ရှိမှုမှာ (၁၅) နှစ်ခန့်အတွင်း အနိမ့်ဆုံးဖြစ်နိုင်ကြောင်း၊ အထွက်လျော့နည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်မှုဖြစ်လာနိုင်ကြောင်း၊ ဥရောပနိုင်ငံများအနက် သစ်တော်သီး အဓိက စိုက်ပျိုးထုတ်လုပ်သည့် အီတလီနှင့် နယ်သာလန်နိုင်ငံတို့၏ ယခုနှစ် သစ်တော်သီး စိုက်ပျိုး ထွက်ရှိမှုတွင်လည်း အားနည်းခဲ့ကြောင်း သိရသည်။

      ပန်းသီးထွက်ရှိမှုသည် ပုံမှန်အခြေအနေတွင် ရှိမည်ဟု မျှော်မှန်ထားပြီး၊ ဘယ်လ်ဂျီယံ နိုင်ငံ၌ ဟက်တာ (၁၀၀၀) ခန့်စိုက်ပျိုးမှုရှိသည့် ချယ်ရီသီးမှာ မိုးသည်းထန်မှုကြောင့် ခူးဆွတ် ချိန်တွင် ပျက်စီးမှုများရှိခဲ့သဖြင့် အထွက်နှုန်း အသင့်အတင့်သာ ရှိနိုင်သည်ဟု ဆိုသည်။ ဘယ်လ်ဂျီယံနိုင်ငံ၌ ဆိုးရွားသည့် ရာသီဉတု ဖြစ်ပေါ်ခဲ့သဖြင့် ဆောင်းစိုက်မုယောစပါး အပါ အဝင် အခြားကောက်ပဲသီးနှံများ စိုက်ပျိုးထွက်ရှိမှုတွင်လည်း ထိခိုက်မှုရှိခဲ့ပါသည်။

     မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် သီးနှံများထွက်ရှိမှုတွင် (၁၅) ရာခိုင်နှုန်းခန့်အထိ ဆုံးရှုံးနိုင်ခြေရှိကြောင်း၊ သီးနှံထွက်ရှိမှု အရေအတွက်သာမက အရည်အသွေးပိုင်းတွင်လည်း ကျဆင်းနိုင်ကြောင်း၊ အစေ့အဆံ (grain) များ၏ အရည်အသွေးပိုင်းသည် လုံလောက်သည့် စံနှုန်းသို့ မရောက်ရှိနိုင်ကြောင်း သိရသည်။

ရင်းမြစ်  -  (The Brussels Times)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)

(ဘရပ်ဆဲလ်မြို့)