Main menu

Background

စားသောက်ကုန်များ၌ ကင်ဆာဖြစ်စေနိုင်သည့် ဒြပ်စင် (cadmium) နှင့် ခဲ (lead) ပါဝင် နိုင်သည့်အဆင့်ကို တင်းကျပ်လိုက်သည့် အီးယူ

Mon, 08/30/2021 - 14:51 -- journal_editor

             ဥရောပကော်မရှင်သည် စားသောက်ကုန်များ၌ ကင်ဆာရောဂါဖြစ်စေနိုင်သည့် cadmium ဒြပ်စင်နှင့် ခဲဓါတ် (lead)  အမြင့်ဆုံးပါဝင်နိုင်မှုအဆင့် သတ်မှတ်ချက်အသစ်များ ကိုချမှတ်ခဲ့ပါသည်။ ခဲဓါတ်ပါဝင်မှု အဆင့်သတ်မှတ်ချက်အသစ်သည်  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ cadmium ပါဝင်နိုင်မှုအဆင့်သတ်မှတ်ချက်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင်လည်းကောင်း  စတင် အသက်ဝင်မည်ဟု သိရသည်။

           ယင်းအစီအမံများသည် ဥရောပကင်ဆာတိုက်ဖျက်ရေးအစီအစဉ်၏ အဓိက ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ ပိုမိုရရှိ ရေးနှင့် စားသောက်ကုန်များတွင် ကင်ဆာဖြစ်စေနိုင်သော အဆိပ်အတောက်/ဓါတ်ပစ္စည်း များ ပါဝင်နိုင်ခြေရှိမှုကို ထပ်မံလျှော့ချနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

             ကလေးငယ်များအတွက် အစားအစာများအပါအဝင် စားသောက်ကုန်များစွာတို့၌ ခဲဓါတ်အမြင့်ဆုံးပါဝင်နိုင်မှုအဆင့်ကို လျှော့ချသွားမည်ဖြစ်ပြီး၊ မှို၊ ဟင်းခတ်အမွှေးအကြိုင် များနှင့် ဆား စသည့် စားသောက်ကုန်များအတွက် ခဲဓါတ်အမြင့်ဆုံးပါဝင်နိုင်မှုသတ်မှတ်ချက် အသစ်များကို ချမှတ်မည်ဖြစ်ပါသည်။

              Cadmium သည် အဆုတ်ကင်ဆာ၊ ဆီးအိမ်နှင့် ရင်သားကင်ဆာတို့အပါအဝင် ကင်ဆာရောဂါဖြစ်စေနိုင်သည့် ဒြပ်စင်ဖြစ်ပြီး၊ ဆေးလိပ်မသောက်သုံးသူများအတွက် ကောက်ပဲသီးနှံနှင့်ဆက်စပ်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများနှင့် ပဲများ၊ ကစီဓါတ်ပါသည့်သစ်ဥ၊သစ်မြစ်များ၊ အာလူး၊ အသားနှင့်အသားထုတ်ကုန်များကို စားသုံးခြင်းမှတစ်ဆင့် Cadmium ကို ရရှိနိုင်ခြင်းဖြစ်ပါသည်။  

              အီးယူ၌ Cadmium ဓါတ်ထိတွေ့နိုင်ခြေ လက်ရှိအဆင့်သည် ရှိသင်သည့် အဆင့်ထက် မကြာမဏအားဖြင့် ကျော်လွန်ခဲ့ကြောင်း၊ လက်ရှိ ခဲဓါတ်ထိတွေ့နိုင်ခြေအဆင့်သည်လည်း မွေးကင်းစနှင့် ကလေးသူငယ်များအတွက် အာရုံကြောဖွံ့ဖြိုးမှုကို သက်ရောက်နိုင်ခြေ ရှိကြောင်း ဥရောပစားသောက်ကုန် ဘေးကင်းလုံခြုံမှုအာဏာပိုင်အဖွဲ့ (European Food Safety Authority - EFSA) က သတိပေးထားပါသည်။

                ဥရောပကော်မရှင်၏ ယခုဆုံးဖြတ်ချက်သည် အီးယူ၏ ကင်ဆာတိုက်ဖျက်ရေး အစီ အစဉ်တွင် ကတိပြုထားသည့်အတိုင်း စားသောက်ကုန်များကို ပိုမိုဘေးကင်း၍ ကျန်းမာရေး နှင့်ညီညွတ်စေခြင်းဖြင့် စားသုံးသူများကို ဉီးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စားသောက်ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် ပိုမိုဘေးကင်းလုံခြုံ၍ ကျန်းမာရေးနှင့်ညီညွတ် ပြီး၊ ရေရှည်တည်တံ့သည့် စားသောက်ကုန်များကို ပံ့ပိုးပေးခြင်းဖြင့် အီးယူ၏ လက်ရှိ ကမ္ဘာ့အဆင့် စံချိန်စံညွှန်းများကို ပိုမိုအားကောင်းစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဥရောပကော်မရှင်၏ ကျန်းမာရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကော်မရှင် နာဖြစ်သူ Ms. Stella Kyriakides က ပြောကြားခဲ့ပါသည်။

                စားသောက်ကုန်များတွင် ခဲဓါတ်နှင့် Cadmium အမြင့်ဆုံးပါဝင်နိုင်မှု သတ်မှတ်ချက် များအတွက် အီးယူ၏ Regulation (EC) No 1881/2006 အား ပြင်ဆင်သည့် အသေးစိတ် အချက်များကို https://eur-lex.europa.eu/eli/reg/2021/1317/oj နှင့် https://eur-lex.europa.eu/eli/reg/2021/1323/oj တို့တွင် ဖော်ပြထားပါကြောင်း တင်ပြအပ်ပါသည်။

ရင်းမြစ် -  (www.euractiv.com)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)

(ဘရပ်ဆဲလ်မြို့)