Main menu

Background

စားသုံးဆီများအပေါ် အကောက်ခွန်နှုန်းထားများအား အိန္ဒိယအစိုးရက ထပ်မံလျော့ချခြင်း

Thu, 09/16/2021 - 10:15 -- journal_editor

      အိန္ဒိယအစိုးရသည် စားအုန်းဆီနှင့် ပဲပုတ်ဆီများအပေါ်တင်သွင်းသည့် ကုန်စည်ပမာဏ တန်ချိန်အလိုက် ကောက်ခံသည့် အခွန်နှုန်းထားများအား ၂၀၂၁ ခုနှစ် ဇွန်လအတွင်း၌ လျော့ချ ခဲ့ပြီးနောက် ယခုတစ်ဖန် စားသုံးဆီများအပေါ် ကောက်ခံသည့် သွင်းကုန်အခွန်နှုန်းထားများကို ထပ်မံလျော့ချခဲ့ပါသည်။

       အိန္ဒိယ အကောက်ခွန်နှင့်သွယ်ဝိုက်အခွန်များကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) ၏ ၁၀-၉-၂၀၂၁ နေ့၌ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအရ အခြေခံအကောက်ခွန်နှင့် အခြားသွယ်ဝိုက်အခွန် များ အပါအဝင် စားအုန်းဆီကြမ်း၊ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျက် ရှိသော သွင်းကုန်ခွန်အား ၃၀.၂၅% မှ ၂၄.၇၅% သို့လည်းကောင်း၊ ပြုပြင်သန့်စင်ထားသည့် စားအုန်းဆီ၊ ပဲပုတ်ဆီနှင့် နေကြာဆီတို့အပေါ် ကောက်ခံလျက်ရှိသော သွင်းကုန်ခွန်ကို ၄၁.၂၅% မှ ၃၅.၇၅% သို့လည်းကောင်း ၁၁-၉-၂၀၂၁ နေ့မှစတင်၍ လျော့ချကောက်ခံမည်ဖြစ်ကြောင်း သိရှိ ရသည်။

      ယခင်က အခြေခံအကောက်ခွန်နှုန်းများကို စားအုန်းဆီကြမ်းအပေါ် ၁၀%၊ ပဲပုတ်ဆီကြမ်း နှင့် နေကြာဆီကြမ်းတို့အပေါ် ၇.၅% အသီးသီး ချမှတ်ထားရာမှ ယခုအခါ ၂.၅% သို့ လျော့ချ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အိန္ဒိယအစိုးရသည် စားအုန်းဆီကြမ်းအပေါ် စိုက်ပျိုးရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (AIDC) ကို ၂.၅% တိုးမြှင့်ခဲ့ရာ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျက်ရှိသည့် AIDC အခွန်နှုန်း ၂၀% နှင့် တန်းတူညီရောက်ရှိခဲ့သည်။ သို့ဖြစ်ရာ အခြေခံအကောက်ခွန်နှင့် AIDC အခွန် နှစ်ရပ်ပေါင်း ၂၂.၅% အပေါ် ကောက်ခံသည့် လူမှုဖူလုံရေး အထူးထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းအား ထည့် သွင်း တွက်ချက်ပါက အဆိုပါ စားသုံးဆီကြမ်း ၃ မျိုးအပေါ် သွင်းကုန်ခွန်စုစုပေါင်းမှာ ၂၄.၇၅% ကျသင့်မည်ဖြစ်သည်။

      AIDC အခွန် ကောက်ခံမှုမပြုသည့် ပြန်လည်သန့်စင်/ အရောင်ချွတ်/ အနံ့သတ် ထားသော စားအုန်းဆီ၊ ပဲပုတ်ဆီနှင့် နေကြာဆီတို့အပေါ် အခြေခံအကောက်ခွန်နှုန်းထားအား ၅% လျော့ချ လျက် ၃၂.၅% သို့ ပြောင်းလဲသတ်မှတ်ခဲ့ရာ လူမှုဖူလုံရေး အထူးထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်း အား ထည့်သွင်းတွက်ချက်ပါက အဆိုပါ စားသုံးဆီချော ၃ မျိုးအပေါ် သွင်းကုန်ခွန်စုစုပေါင်းမှာ ၃၅.၇၅% ကျသင့်မည်ဖြစ်သည်။

      အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာနက ၁၁-၉-၂၀၂၁ နေ့၌ သတင်းထုတ်ပြန်ရာတွင် စားသုံးဆီများ ဈေးနှုန်းမြင့်တက်မှုကို လျော့ပါးသက်သာ စေရေးအတွက် အစိုးရသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ ဖြေလျော့မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများအတွက် ဆိပ်ကမ်းရှင်းလင်းမှု လွယ်ကူမြန်ဆန်စေရန် စံလုပ်ငန်းသတ်မှတ်ချက် (SOP) များကို ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ စားသုံးဆီများ ဆိပ်ကမ်းရှင်းလင်းမှု ပျမ်းမျှကြာမြင့် ချိန်မှာ ၃ ဒသမ ၄ ရက်သို့ ကျဆင်းခဲ့ပြီဖြစ်ကြောင်း၊ ယခုအကြိမ် အခွန်နှုန်းထားများ လျော့ချပေး မှုက ဘဏ္ဍာနှစ် တစ်ခုလုံး၌ တန်ဖိုးအားဖြင့် ရူပီးငွေ ကုဋေ ၃၅၀၀ ခန့်ရှိမည်ဖြစ်ပြီး ယခင်က ဖြေလျော့ပေးခဲ့သော တန်ဖိုးများပါ ထည့်သွင်းတွက်ချက်ပါက စားသုံးသူများအနေဖြင့် ရူပီးငွေ ကုဋေ ၄၆၀၀ အထိ သက်သာမှုရရှိစေမည်ဖြစ်ကြောင်း ဖော်ပြပါသည်။

      အိန္ဒိယသို့ စားသုံးဆီများ တင်ပို့ရာပင်ရင်းနိုင်ငံများ၌ ဈေးနှုန်းမြင့်တက်မှုက အခွန်နှုန်း လျော့ချပေးမှုမှ စားသုံးသူအပေါ် အကျိုးဖြစ်ထွန်းမှု တစ်စိတ်တစ်ဒေသကို လျော့ပါးစေမည် ဖြစ်ပြီး ရှေ့လာမည့် ရက်သတ္တပတ်များ၌ ပြည်တွင်းလက်လီဈေးကွက်တွင် စားသုံးဆီ ၁ လီတာ လျှင် ၂ ရူပီး မှ ၃ ရူပီးခန့်သာ ဈေးနှုန်းကျဆင်းဖွယ်ရှိကြောင်း၊ သို့ရာတွင် ယခုနောက်ဆုံး အမိန့် ထုတ်ပြန်ချက်၌ နေဝင်ချိန်စည်းမျဉ်းခေါ် အကျိုးသက်ရောက်မှုရှိမည့် ကာလသတ်မှတ်ချက်အား ပယ်ဖျက်ပေးခဲ့သဖြင့် အစိုးရက နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်မှုမပြုသရွေ့ လျော့ချပေးထားသည့် အကောက်ခွန်နှုန်းထားများဖြင့် စားသုံးဆီများကို တင်သွင်းခွင့် ရရှိနေမည် ဖြစ်ကြောင်းဖြင့် အိန္ဒိယ ဆီကြိတ်လုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. BV Mehta က Economic Times သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

Source:         1. Government cuts import duty on cooking oils, 12-9-2021, Economic Times

                   2. In order to reduce edible oil prices, Centre reduces the standard rate of duty on Crude Palm Oil, Crude Soyabean oil and Crude Sunflower Oil to 2.5%, 11-9-2021, Press Information Bureau of India