Main menu

Background

ဘရာဇီးလ်နိုင်ငံ အဓိကလယ်ယာထွက်ကုန်များ၏ ဈေးကွက်အခြေအနေများ

Mon, 09/20/2021 - 14:45 -- journal_editor

ပြည်တွင်း အမဲသားဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိ

          ဘရာဇီးလ်နိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့်အမဲသားပို့ကုန်များတွင် နွားရူးရောဂါပိုးတွေ့ရှိမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အမဲသားတင်ပို့မှုများကို လတ်တလောဆိုင်းငံ့ထားကာ တရုတ်အစိုးရ၏ အရေးယူဆောင်ရွက်မှုအား စောင့်ဆိုင်းလျက်ရှိကြောင်း၊ အဆိုပါ ရောဂါပိုးတွေ့ရှိမှုဖြစ်စဉ်ကြောင့် ဆော်ဒီအာရေဗျနိုင်ငံကလည်း ဘရာဇီးလ်အမဲသားတင်သွင်းမှုများအား ဆိုင်းငံ့ထားကြောင်း   လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado က ပြောကြားခဲ့သည်။

    ဘရာဇီးလ်နိုင်ငံရှိ နွားအရောင်းအဝယ်ဈေးကွက်များနှင့် တရုတ်နိုင်ငံသို့အမဲသားတင်ပို့မှု လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်လုပ်ဆောင်လျက်ရှိပြီး  B3 အဆင့် အမဲသားကြိုပွိုင့်ရောင်းဝယ်မှုတွင် အနည်းငယ်ကျဆင်းလျက်ရှိ သည်။အမဲသားကြိုပွိုင့်ဈေးကွက်တွင် အမဲသား ၁ arroba(၃၂ ပေါင်နှင့်ညီမျှသည်။)လျင် စက်တင်ဘာလအတွက်ရောင်းဝယ်မှုတွင် ၂၉၅ ဟဲရာမှ ၂၉၈ ဟဲရာကြား၊ အောက်တိုဘာလအတွက် ၃၀၁.၉၅ ဟဲရာမှ ၃၀၃.၆၅ ဟဲရာ အကြားနှင့် နိုဝင်ဘာလအတွက် ၃၀၈.၇၅ ဟဲရာမှ ၃၁၂.၀၅ ဟဲရာအကြားတို့တွင် အရောင်းအဝယ်များ ဖြစ်လျက်ရှိသည်။

Campinas (SP) ဈေးကွက်တွင် ပြောင်းဈေးနှုန်း အနည်းငယ်ကျရိပ်ပြ

          ဘရာဇီးလ်နိုင်ငံရှိ ပြောင်းအဓိကစိုက်ပျိုးထုတ်လုပ်သည့် Campinas (SP)ဈေးကွက်တွင် ၆၀ ကီလိုဂရမ်ရှိသည့် ပြောင်း ၁ အိတ်ဈေးနှုန်းသည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ၉၃.၇၁ ဟဲရာမှ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ၉၃.၆၀ ဟဲရာသို့ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း အသုံးချ ဘောဂဗေဒဌာန၏ သတင်းတွင်ဖော်ပြခဲ့သည်။

          ဘရာဇီးလ်ကုန်စည်ရောင်းဝယ်ရေးဈေးကွက်ရှိ B3 အဆင့် ပြောင်း ၁ အိတ်၏ ယခုနှစ် စက်တင်ဘာလအတွက် ကြိုပွိုင့်ဈေးနှုန်းသည် ၉၃.၁၆ ဟဲရာမှ ၉၃.၉၆ ဟဲရာသို့လည်းကောင်း၊ နိုဝင်ဘာလအတွက်ကြိုပွိုင့်ဈေးနှုန်းသည် ၉၃.၂၅ ဟဲရာမှ ၉၄.၄၈ ဟဲရာသို့လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လအတွက် ကြိုပွိုင့်ဈေးနှုန်းသည် ၉၄.၆၉ ဟဲရာမှ ၉၆.၅၀ ဟဲရာသို့လည်းကောင်း ဈေးနှုန်းများ အနည်းငယ် မြင့်တက်ခဲ့သည်။ 

ပဲပုတ်စေ့ဈေးနှုန်းများ အတက်အကျဖြစ်ပေါ်မှု မြန်ဆန်နေ

           အသုံးချဘောဂဗေဒဌာန၏ညွှန်းကိန်းများအရ ဘရာဇီးလ်နိုင်ငံရှိ Paranaguá(PR) ဈေးကွက် တွင် ပဲပုတ်စေ့ဈေးနှုန်းအတက်အကျများ လျင်မြန်စွာဖြစ်ပေါ်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။ စက်တင်ဘာလ ၁၅ ရက် နေ့တွင် ဖြစ်ပေါ်သည့် ပဲပုတ်စေ့ ၁ အိတ်ဈေးနှုန်းသည် ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ၀.၈၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၇၁.၉၈ ဟဲရာမှ ၁၇၃.၄၃ ဟဲရာသို့ မြင့်တက်ခဲ့သည်။

           အမေရိကန်နိုင်ငံ၊ ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့ကြိုပွိုင့်ဈေးနှုန်းများ အနည်းငယ်ကျရိပ်ပြခဲ့ပြီး နိုဝင်ဘာလအတွက် ပဲပုတ်စေ့ ၁ စည်ဈေးနှုန်းသည် ၁၂.၈၄၆ ဟဲရာမှ ၁၂.၈၂၄ ဟဲရာသို့ ဈေးနှုန်းအနည်းငယ် ကျဆင်း ခဲ့သည်။

ကော်ဖီဈေးနှုန်းများ ကျရိပ်ပြ

          ကော်ဖီဈေးကွက်တွင် ကော်ဖီဈေးနှုန်းများကျရိပ်ပြလျက်ရှိပြီး Minas Gerais တောင်ပိုင်းရှိ ကော်ဖီဈေးကွက်တွင် အာရေဗီကာ(ကက်တေးရှင်း ၁၅ ရာခိုင်နှုန်း) ၁ အိတ် ဈေးနှုန်းသည် ၁.၀၆၅ ဟဲရာမှ ၁.၀၆၀ ဟဲရာသို့ လည်းကောင်း၊ Minas Gerais(cerrado) ဈေးကွက်တွင် ကော်ဖီ ၁ အိတ်ဈေးနှုန်းသည် ၁.၀၆၅ ဟဲရာမှ ၁.၀၆၀ ဟဲရာသို့လည်းကောင်း ဈေးနှုန်းများကျဆင်းခဲ့သည်။

             အမေရိကန်နိုင်ငံရှိ နယူးယောက်ဈေးကွက်တွင် အာရေဗီကာကော်ဖီ ၁ ပေါင်ဈေးနှုန်း သည် အမေရိကန်ဒေါ်လာ ၁.၉၀ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလ ကြိုပွိုင့်ဈေးနှုန်းသည် ကော်ဖီ ၁ ပေါင်လျှင် အမေရိကန်ဒေါ်လာ ၁.၈၆၈ ဟဲရာမှ ၁.၈၅၅ ဟဲရာသို့ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br