Main menu

Background

COVID-19 အကျပ်အတည်းကာလအတွင်း အီးယူ၏ ငါးနှင့်ပင်လယ်စာစားသုံးမှုအခြေအနေနှင့် စားသုံးသူများ၏ အလေ့အထ

Mon, 09/20/2021 - 15:34 -- journal_editor

        ငါးနှင့်ပင်လယ်စာထုတ်ကုန်များနှင့်ပတ်သက်၍ အီးယူရှိ စားသုံးသူများ၏ အလေ့ အထကို စစ်တမ်းကောက်ယူသည့် Eurobarometer အရ အီးယူစားသုံးသူများ၏ (၃) ပုံ(၂) ပုံခန့်က ၎င်းတို့၏ လစဉ်စားသုံးမှုတွင် ငါးနှင့်ပင်လယ်စာကို အကြိမ်ရေများစွာစားသုံးကြကြောင်း၊ ထို့ကြောင့် COVID-19 အကျပ်အတည်းသည် အီးယူ၏ ပင်လယ်စာစားသုံးမှုအပေါ် သိသာစွာ သက်ရောက်မှုမရှိဟု ဆိုနိုင်ကြောင်း၊ သို့သော်လည်း ၂၀၁၈ ခုနှစ်ကတည်းက လေ့လာခဲ့သည့်အချက်များအရ စားသုံးမှုသည် (၆) ရာခိုင်နှုန်းခန့်ဖြင့် အနည်းငယ်ကျဆင်းခဲ့သည်ကို တွေ့ရကြောင်း သိရပါသည်။

            Eurobarometer စစ်တမ်းအရ ဥရောပရှိစားသုံးသူများ၏ (၆၄) ရာခိုင်နှုန်းသည် ငါးကို ပုံမှန်စားသုံးလေ့ရှိကြပြီး၊ အများစုမှာ မိမိနေအိမ်၌ ချက်ပြုတ်စားသောက်ကြခြင်းဖြစ်ကြောင်း၊ လတ်ဆတ်ငါးနှင့်ပင်လယ်စာများ (fresh products)၊ စည်သွတ်ထားသော ထုတ်ကုန်များထက် အေးခဲငါးနှင့်ပင်လယ်စာထုတ်ကုန်များ (frozen products) ကို နှစ်ခြိုက် ကြကြောင်း၊ စားသုံးသူများ၏ (၈၀) ရာခိုင်နှုန်းခန့်သည် ငါးနှင့်ရေထွက်ကုန်များကို လက်လီ အရောင်းဆိုင်များ၊ စူပါမားကတ်များနှင့် ကုန်တိုက်များ၌ ဝယ်ယူကြကြောင်း၊  ဥရောပရှိ စားသုံးသူများ၏ (၂၁) ရာခိုင်နှုန်းခန့်ကသာ ငါးနှင့်ပင်လယ်စာများကို စားသောက်ဆိုင်များ၌ တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ခန့် သွားရောက် စားသုံးမှုရှိကြောင်း သိရပါသည်။

           ငါးနှင့်ပင်လယ်စာ ဝယ်ယူမှုဆိုင်ရာ အလေ့အထများကို စစ်တမ်းကောက်ယူမှုအရ ထုတ်ကုန်၏ အသွင်အပြင် (လတ်ဆတ်မှုနှင့် အခင်းအကျင်း)ကို အဓိကအကျဆုံးအချက် အဖြစ် စားသုံးသူ (၅၈) ရာခိုင်နှုန်းက ယူဆကြောင်း၊ ဈေးနှုန်းကို စားသုံးသူများ၏ (၅၄) ရာခိုင်နှုန်းကအဓိကအရေးပါသည့်အချက်အဖြစ် ယူဆကြကြောင်း သိရပါသည်။

      အီးယူရှိ စားသုံးသူများ၏ ပမာဏအနည်းငယ်သည်သာ COVID-19 ကာလအတွင်း၌ ငါးစားသုံးမှုကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ အဓိကအကြောင်းရင်းမှာ ၎င်းတို့၏ ဝင်ငွေကျဆင်းမှုနှင့်  ငါးနှင့်ပင်လယ်စာထုတ်ကုန်များ၏ ဈေးနှုန်း မြင့်တက်ခဲ့မှုတို့ကြောင့် ဖြစ်နိုင်ကြောင်း၊ ငါးနှင့် ပင်လယ်စာ တိုးမြှင့်စားသုံးလာကြသူများ၏ အကြောင်းရင်းမှာ ကျန်းမာရေးဆိုင်ရာ အကျိုး ကျေးဇူးများကို သိရှိလာကြခြင်းနှင့် စားသောက်မှုပုံစံအပြောင်းအလဲ ပြုလုပ်လိုကြခြင်းတို့ ကြောင့် ဖြစ်နိုင်ကြောင်း သိရပါသည်။

     အီးယူရှိ ငါးနှင့်ပင်လယ်စာ စားသုံးကြသူများသည် ထုတ်ကုန်နှင့်ပတ်သက်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လတ်ဆတ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ပိုမို တောင်းဆိုလာကြသည်ဟုဆိုသည်။ ဆင့်တက်ပြုပြင်ထားသည့်ထုတ်ကုန်များအပါအဝင် ငါးနှင့်ရေထွက်ကုန်အမျိုးအစားအားလုံးအတွက် ပွင့်လင်းမြင်သာသည့် သတင်းအချက်အလက်များသည် စားသုံးသူများအတွက် အရေးပါလာကြောင်းကို Eurobarometer စစ်တမ်းက အတည်ပြုထားပါသည်။

         အီးယူရှိ စားသုံးသူများနှင့် ငါးနှင့်ပင်လယ်စာထုတ်ကုန်များနှင့်ပတ်သက်၍ အဓိက ထားသည့် သတင်းအချက်အလက်များမှာ ထုတ်ကုန်သက်တမ်း (“use-by” date)၊ ထုတ်ကုန်၏ မျိုးစိတ်/အမျိုးအမည် (name of species)၊ သဘာဝအလျောက် ဖမ်းဆီးသည့် ထုတ်ကုန် ဟုတ်/မဟုတ်နှင့် မွေးမြူရေးထုတ်ကုန် ဟုတ်/မဟုတ် (whether the product is wild or farmed)၊ ဖမ်းဆီး/မွေးမြူသည့် နယ်မြေဒေသ စသည့် အချက်များဖြစ်ကြောင်း သိရ ပါသည်။

       ထို့ပြင် အီးယူရှိ စားသုံးသူများသည် ၎င်းတို့ဝယ်ယူသည့် ငါးနှင့်ရေထွက်ကုန်များတွင် ထပ်ဆောင်းသတင်းအချက်အလက်များကိုလည်း ပိုမိုရှာဖွေလာကြသည်ဟု အဆိုပါ စစ်တမ်း ကဖော်ပြသည်။ စားသုံးသူများ၏ (၇၆) ရာခိုင်နှုန်းက ထုတ်ကုန်၏ label တွင် ဖမ်းမိသည့် ရက်စွဲ (catch/harvest date) ကို တွေ့မြင်လိုကြကြောင်း၊ ထုတ်ကုန်၏ label တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းအချက်အလက်များ ပါရှိသင့်သည်ဟု စားသုံးသူများ၏ (၄၄) ရာခိုင်နှုန်းကပြောကြားကြောင်း သိရပါသည်။

ရင်းမြစ် -  (ဥရောပကော်မရှင်၊ Ocean and Fisheries News)

ကျော်စိန်ဝင်း(စီးပွားရေးသံမှူး)