အိန္ဒိယနိုင်ငံတွင်လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း Covid-19ကပ်ရောဂါ ကူးစက်အားတည်ငြိမ်စွာထိန်းချုပ်နိုင်သည့်အနေအထားသို့ ရောက်ရှိလာချိန်၌ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းအားပြန်လည် စတင် လုပ်ကိုင် ခွင့်ပြုမည့်ကြေညာချက်ကိုအိန္ဒိယအစိုးရကစက်တင်ဘာလကုန်ပိုင်းခန့်တွင်ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရပါသည်။
၁၈-၉-၂၀၂၁ နေ့၌ ဂိုအာပြည်နယ်ရှိကျန်းမာရေးလုပ်သားများအား ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့်တွေ့ဆုံရာ၌အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရင်ဒရာမိုဒီကအစိုးရအနေဖြင့်ဂိုအာပြည်နယ်သို့ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုကိုခွင့်ပြုရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဂိုအာပြည်နယ်၌ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့မှုနှင့်အတူကပ်ရောဂါ တားဆီးကာကွယ်ရေး ကြိုတင်ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းဖြင့် ရှေ့လာမည့် ခရီးသွားရာသီကာလ၌ ယခင်ကအတိုင်း လုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။
ခရီးသွားလုပ်ငန်းကဏ္ဍပြန်လည်စတင်လည်ပတ်နိုင်ရေးအတွက်အစိုးရဝန်ကြီးဌာနများ အကြားညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံ ပြီး သည့်နိုင်ငံခြားသားခရီးသည်များအား စင်းလုံးငှားလေကြောင်း ခရီးစဉ်ဖြင့် ဝင်ရောက် ခွင့်ပြု မည်ဖြစ်ပြီးနှင့် Covid-19 ကပ်ရောဂါကူးစက်မှုအား ရင်ဆိုင်တွန်းလှန်နေရဆဲ နိုင်ငံများ မှခရီးသည်များ ကိုမူပြည်ဝင်ခွင့်တားမြစ်ထားဖွယ်ရှိကြောင်း၊ အိန္ဒိယပြည်ထဲရေး ဝန်ကြီး ဌာနမှအဆင့်မြင့်အရာရှိများသည်ကမ္ဘာလှည့်ခရီးသည်များအား ပြည်တွင်းသို့ စတင် ဝင်ရောက် ခွင့်ပြုမည့်နေ့ရက်သတ်မှတ်နိုင်ရေး ၎င်းလုပ်ငန်းနယ်ပယ်၌ ပါဝင်လုပ်ကိုင် သူများနှင့် ညှိနှိုင်း နေဆဲဖြစ်ကြောင်း၊ ယခုကဲ့သို့ခွင့်ပြုခြင်းက ၂၀၂၀ ပြည့်နှစ်မတ်လမှစတင်၍ Covid-19 ကပ် ရောဂါ၏ သက်ရောက်ထိခိုက်မှုနှင့်ရင်ဆိုင်ခဲ့ရသည့်ခရီးသွားလာမှု၊ ဟိုတယ်ဝန်ဆောင်မှု နှင့် လေကြောင်းပို့ဆောင်မှုကဏ္ဍတို့၏ ပြန်လည်ရှင်သန်မှုကို အထောက် အကူပြုမည်ဖြစ်ကြောင်း စသည်ဖြင့်အစိုးရဌာနဆိုင်ရာ အရာရှိအချို့၏ပြောဆိုချက်အား ကိုးကားလျက် အိန္ဒိယသတင်း ဌာနများက ဖော်ပြကြပါသည်။
အိန္ဒိယအစိုးရသည်ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်စတင် ကူးစက်ပြန့်ပွားသည့်အချိန်က ပင်ခရီးသွားပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုကိုရပ်ဆိုင်းထားခဲ့ရာ ၁ နှစ်ခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါ သည်။ လက်ရှိကာလတွင်နှစ်နိုင်ငံချင်း Air Bubbleသဘောတူညီမှုဖြင့် အထူးလေကြောင်းခရီးစဉ်များ ပျံသန်းခြင်းမှအပအိန္ဒိယနိုင်ငံပြည်ပနိုင်ငံများအကြား စီးပွားရေး လုပ်ငန်းဆိုင်ရာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပျံသန်းမှုကိုဆိုင်းငံ့ထားဆဲဖြစ်သည်။ ခရီးသွားလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ Stic Travelsခရီးသွားလုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Subhash Goyalကပြည်ပရှိ၎င်းတို့၏ လုပ်ငန်း မိတ်ဖက်များနှင့် မပြတ်ထိတွေ့လျက်ရှိရာ အစိုးရအနေဖြင့်နိုင်ငံခြားသား ခရီးသည်များအား အိန္ဒိယသို့ဝင်ရောက်ခွင့်ပြုမည့်ဆုံးဖြတ်ချက်ကိုဆောလျင်စွာ ထုတ်ပြန်ပါကလာမည့်ဆောင်းရာသီကာလတွင်အိန္ဒိယခရီးသွားလုပ်ငန်းအတွက်ဝယ်လိုအား အခြေအနေကောင်းမွန်မှုရှိမည်ဟုခန့်မှန်းရကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များအား အိန္ဒိယသို့ ဝင်ရောက်ခွင့်ပြုသည့် ရည်ရွယ်ချက်ကို အကျိုးပြုနိုင်ရန်အတွက်စီးပွားရေးလေကြောင်းခရီးစဉ်များကိုလည်း ခွင့်ပြုရန်လိုအပ်ကြောင်း ပြောဆိုပါသည်။
အိန္ဒိယနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပခရီးသည် ၁၀.၉ သန်းကျော်လာရောက်လည်ပတ်ခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍမှနိုင်ငံခြားငွေဒေါ်လာ ၃၀ ဘီလီယံခန့်ရရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်ဇွန်လတွင် စီးပွားရေးလှုံ့ဆော်မှုအစီအမံများအား ရှင်းလင်းရာ၌ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီမာလာ စီသာရာမန်ကယခုဘဏ္ဍာနှစ်တွင် ၂၀၂၂ ခုနှစ်မတ်လ ၃၁ ရက်နေ့အထိပြည်တွင်းသို့လာရောက်လည်ပတ်မည့်နိုင်ငံခြားသားခရီးသည် ဦးရေ ၅ သိန်းအား ခရီးသွားပြည်ဝင်ခွင့်ဗီဇာ အခမဲ့ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ အိန္ဒိယနိုင်ငံသို့လာရောက်မည့်ကမ္ဘာလှည့်ခရီးသည်တစ်ဦးလျှင် ၁ လတာ ပြည်ဝင်ခွင့်ခရီးသွားဗီဇာကြေးကို ၂၅ ဒေါ်လာနှင့် ၁ နှစ်တာ အတွင်း အကြိမ်ကြိမ်ပြည်ဝင်ခွင့်ခရီးသွားဗီဇာကြေးကို ၄၀ ဒေါ်လာ သတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။
Source: 1. Govt announcement on international tourism likely in 10 days, 20-9-2021, HindustanTimes
2. India to allow charter flights as it gets ready to welcome tourists, 20-9-2021, Business Standard
နေအေးလွင်
(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊နယူးဒေလီမြို့