Honda Motor ကုမ္ပဏီသည် ဂျပန်နိုင်ငံရှိ မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီများအနက် မော်တော်ကားအသစ်များကို ပြည်တွင်း၌ အင်တာနက်မှတစ်ဆင့် ပထမဦးဆုံးစတင်ရောင်းချမည့် ကုမ္ပဏီဖြစ်ကြောင်း သိရပါသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားနေချိန်အတွင်း လူတစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆိုဆက်ဆံမှုမျိုးကို ရှောင်ရှားလိုသည့် ပြည်တွင်းမှမော်တော်ကားဝယ်ယူလိုသူများ တိုးတက်များပြားလာမှုကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
Honda Motor ကုမ္ပဏီအနေဖြင့် မော်တော်ကားရောင်းချမှုလုပ်ငန်းစဉ်များအဖြစ် စျေးနှုန်းများခန့်မှန်းခြေတွက်ချက်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ဘဏ်မှငွေချေးငှားမှုကိုစိစစ်ခြင်းစသည်တို့ကိုဆောင်ရွက်မည့် အင်တာနက် စာမျက်နှာတစ်ခုကို အစောဆုံးအဖြစ် လာမည့်အောက်တိုဘာလ အတွင်း၌ ဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်နေပါသည်။
အဆိုပါအင်တာနက်စာမျက်နှာတွင် ရောင်းအားကောင်းသည့် နာမည်ကြီးမော်တော်ကားအမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး ရောင်းချမှုနယ်ပယ်ကို မြို့ကြီးများမှ အလှမ်းကွာဝေးသည့် နယ်ဘက်ဒေသများအထိ အကျုံးဝင်မှု ရှိစေရန်ချဲ့ထွင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝယ်ယူပြီးဖြစ်သည့်မော်တော်ကားများကို ဝယ်ယူသူထံပေးပို့ခြင်းလုပ်ငန်းစဉ်အတွက် ယခင်ဆောင်ရွက်နေကျပုံစံအတိုင်း အရောင်းကိုယ်စားလှယ်များကဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
မော်တော်ကားများဝယ်ယူရာတွင် ငွေပမာဏများစွာလွှဲပြောင်းပေးရခြင်းကြောင့် မော်တော်ကားအသစ်များ ရောင်းချခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့် ငွေကြေးလွှဲပြောင်းမှုကိစ္စရပ်များအား မော်တော်ကား အရောင်းဆိုင်များတွင်သာ ပုံမှန်အားဖြင့်ဆောင်ရွက်လေ့ရှိပါသည်။ သို့သော် ကိုရိုနာကူးစက်ရောဂါပြန့်ပွားနေချိန်တွင် လူအချင်းချင်း နီးကပ်စွာတွေ့ဆုံပြောဆိုဆက်ဆံမှုကို ရှောင်ရှားလိုသည့် ဝယ်ယူသူများ၏ လိုလားချက်များ မြင့်တက်လာသောကြောင့် Honda Motor ကုမ္ပဏီအနေဖြင့် ကူးစက်ရောဂါပြန့်ပွားနေချိန်အတွင်း ဝယ်ယူသူအသစ်များရရှိစေရေးအတွက် မြှင့်တင်ဆောင်ရွက်မည့် နည်းလမ်းကောင်းတစ်ခုအဖြစ် ရည်ရွယ်ဖော်ဆောင်ခြင်း ဖြစ်ကြောင်းသိရပါသည်။
ရင်းမြစ်။ The Japan Times, The Economic Times.
နန္ဒာဝင်း
(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ တိုကျိုမြို့