Main menu

Background

တရုတ်နိုင်ငံ Evergrande Group ၏ ကြွေးမြီပြဿနာကြောင့် နစ်ကေးအညွှန်းကိန်းကျဆင်းခဲ့

Thu, 09/23/2021 - 16:15 -- journal_editor

            ဂျပန်နိုင်ငံတွင် စက်တင်ဘာလ ၂၁ ရက် (အင်္ဂါနေ့) စတော့ရှယ်ယာစျေးကွက်ပြန်ဖွင့်ချိန်တွင် တိုကျိုစတော့ရှယ်ယာစျေးကွက်၏ နစ်ကေးအညွှန်းကိန်းမှာ ထိုးကျသွားခဲ့ကြောင်းသိရပါသည်။

          တရုတ်နိုင်ငံမှ ဒုတိယအကြီးဆုံး အိမ်ခြံမြေကုမ္ပဏီအုပ်စုဖြစ်သည့် Evergrande Group ၏ ငွေကြေးမလုံလောက်၍ ကုမ္ပဏီပြိုလဲနိုင်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက်  ဂျပန်ရင်းနှီးမြှုပ်နှံသူများအကြား၌ စိုးရိမ်မှုများ မြင့်တက်လာကြပါသည်။

          စက်တင်ဘာလ ၂၁ ရက် (အင်္ဂါနေ့)၏ နစ်ကေးပျမ်းမျှအညွှန်းကိန်းသည် ၎င်းနေ့စျေးပိတ် ချိန်တွင် ၂၉,၈၃၉ မှတ်ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၁၇ ရက် (သောကြာနေ့) စျေးပိတ်ချိန်ကထက် ၂.၁% ၊ ၆၆၀ မှတ်ကျဆင်းခဲ့ပါပြီး သီတင်း ၂ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၃၀,၀၀၀ မှတ် အောက်ဖြင့် စျေးပိတ်ခဲ့ကြောင်းသိရပါသည်။

          Evergrande Group ၏ ငွေကြေးအကျပ်အတည်းပြဿနာသည် တရုတ်နိုင်ငံ၏ စီးပွားရေး လောကတစ်ခုလုံးကို ဂယက်ရိုက်ခိုက်နိုင်ကြောင်း ခန့်မှန်းချက်နှင့်အတူ စတော့ရှယ်ယာရောင်းဝယ်သူများအကြား စိုးရိမ်မှုများ မြင့်တက်လာပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် သံမဏိ၊ စက်ပစ္စည်းနှင့် သင်္ဘောလုပ်ငန်းကဏ္ဍများမှ စတော့ရှယ်ယာများကို ထုတ်ရောင်းခဲ့ကြပါသည်။

          Evergrande Group ၏ ငွေကြေးအကျပ်အတည်းပြဿနာနှင့်ပတ်သက်၍ တရုတ်နိုင်ငံအစိုးရမှ  မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်ဟု စတော့ရှယ်ယာစျေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေကြကြောင်းသိရ ပါသည်။

ရင်းမြစ်။ The Japan Today

နန္ဒာဝင်း

(စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့