Main menu

Background

ယွမ်ငွေကြေး အားကောင်းခိုင်မာလာစေရန် နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ဗဟိုဘဏ်ကတိုးချဲ့သွားမည်

Fri, 09/24/2021 - 12:02 -- journal_editor

         တရုတ်နိုင်ငံ၏ ငွေကြေးဆိုင်ရာဈေးကွက်ကို ပိုမိုတံခါးဖွင့်ပေးရန် နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေကြေးထောက်ပံ့ပေးမည့်လမ်းကြောင်းများကို တရုတ်ဗဟိုဘဏ်ကပြုလုပ်သွားမည်ဟု မကြာသေးမီကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရသိရပါ သည်။

       တရုတ်ယွမ်ငွေကြေးအား ကမ္ဘာလုံးဆိုင်ရာအရန်ငွေနှင့် ရင်းနှီးမြှုပ်နှံမှုငွေကြေးတစ်ရပ်အဖြစ် အားကောင်းခိုင်မာစွာနေရာရလာစေရန် နိုင်ငံရပ်ခြားရှိဗဟိုဘဏ်များ၊ ငွေကြေးဆိုင်ရာအာဏာပိုင်များနှင့်အရန်ငွေစီမံခန့်ခွဲရေးဌာန များထံ ယွမ်ငွေကြေးကျောထောက်နောက်ခံပြုသည့်ပိုင်ဆိုင်ပစ္စည်းများကို ၎င်းတို့၏ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုများတွင် တိုးမြှင့်ထားရှိရေးအတွက် တရုတ်ဗဟိုဘဏ်ကပံ့ပိုးကူညီသွားမည်ဟု ဗဟိုဘဏ်က စက်တင်ဘာလ (၁၈) ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့် (၂၀၂၁) ယွမ်ငွေကြေးကို နိုင်ငံတကာသုံးငွေကြေးပြုလုပ်ရေးအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

        ယခုနှစ် ဇွန်လကုန်အထိ နိုင်ငံခြားမှအဖွဲ့အစည်းများက ကိုင်ဆောင်ထားသောယွမ်ငွေကြေးကို ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံအတွင်းရှိအစုရှယ်ယာများ ၊ ငွေတိုက်စာချုပ်၊ ချေးငွေနှင့်အပ်ငွေတို့အပါအဝင် ဘဏ္ဍာရေး ဆိုင်ရာ ပိုင်ဆိုင်ပစ္စည်းတန်ဖိုးပေါင်းမှာ ယွမ်ငွေ (၁၀.၂) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၅၉ ထရီလီယံ)အထိ တိုးလာခဲ့ကာ ယခင်နှစ်ကထက် (၄၂.၈) ရာခိုင်နှုန်းပိုမိုလာကြောင်း ၎င်းအစီရင်ခံစာတွင်ဖော်ပြထားပါသည်။

     (၂၀၂၁) ခုနှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးများရရှိလာခြင်းနှင့်အတူ အောင်မြင်သည့်ဈေးကွက်ရရှိနိုင်မှုအခြေအနေပေါ်မူတည်၍ အာရှနှင့်ပစိဖိတ်ဒေသရှိပေါ်ထွန်းလာသည့်ဈေးကွက်များ (အထူးသဖြင့် တရုတ်နိုင်ငံ)အပေါ် အစိုးရပိုင်ရန်ပုံငွေဖြင့် စီးပွားရေးလုပ်ကိုင်ကြသည့် ရင်းနှီးမြှုပ်နှံသူများ (sovereign investors) က အာရုံစိုက်လာကြောင်း၊ sovereign investor များသည် မြောက်အမေရိကနှင့် ဉရောပရှိရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်း သယ်ယူလာခြင်း၊ မတည်ငွေရင်းအသစ်များ ထပ်မံထည့်ခြင်း ပုံစံ(၂)မျိုးဖြင့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်ရန် မျှော်လင့်ထားကြကြောင်း၊ တရုတ်နိုင်ငံတွင် စိန်ခေါ်မှုများစွာရှိနေသော်ငြားလည်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ဘက်စုံမှတွန်းအားပေးနေဆဲနိုင်ငံဖြစ်ကြောင်း sovereign  Invesco ၏ တရုတ်၊ အရှေ့တောင်အာရှနှင့် ကိုရီးယားရှိ အမှုဆောင်အရာရှိချုပ် Terry Pan ကမှတ်ချက်ပြုပြောကြားထားပါသည်။

        အစိုးရပိုင်ရန်ပုံငွေဖြင့် စီးပွားရေးလုပ်ကိုင်ကြသည့် ရင်းနှီးမြှုပ်နှံသူများ (sovereign investors) တွင်များသောအားဖြင့် ကမ္ဘာလုံးဆိုင်ရာအချုပ်အချာဘဏ္ဍာရန်ပုံငွေများ (sovereign wealth funds)နှင့် ဗဟိုဘဏ်များ ပါဝင်ကြပါသည်။

          တရုတ်ဗဟိုဘဏ်အနေဖြင့် အရည်အသွေးမြင့်ပြီး၊ နှစ်ဖက်အပြန်အလှန် တံခါးဖွင့်ပေးသည့် ဘဏ္ဍာရေးဆိုင်ရာဈေးကွက်ကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယွမ်ငွေ နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရေးဆန်းသစ်တီထွင်သည့်ရွေ့လျားမှုများကိုလွတ်လပ်သောကုန်သွယ်ရေးဇုန်များ၊ကွမ်တုန်း-ဟောင်ကောင်-မကာအိုမဟာပင်လယ်ကွေ့ဒေသနှင့် ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးစင်တာတို့တွင် အလေးပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။

           တရုတ်ဗဟိုဘဏ်၏ သုတေသနပြုလုပ်ချက်အရ (၂၀၂၀)ပြည့်နှစ်အတွင်း စုစု ပေါင်း နိုင်ငံဖြတ်ကျော် ငွေအပေးအယူများအနက် ယွမ်ငွေဖြင့် အပေးအယူပြုလုပ်ခဲ့သည့် ရာခိုင်နှုန်းမှာ (၄၆.၂) ရာခိုင်နှုန်းဖြစ်ကာ အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်းနှင့် ယခုနှစ် ပထမ(၆)လအတွင်း ယွမ်ငွေကြေးဖြင့် ငွေပေးငွေယူပြုလုပ်ခဲ့သည့် ပမာဏ ယွမ်ငွေ (၁၇.၅) ထရီလီယံရှိခဲ့ကာ၊ ရာခိုင်နှုန်းအားဖြင့် (၄၈.၂) ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါသည်။

        ယွမ်ငွေကြေး အားကောင်းလာမှုနှင့်အတူ တရုတ်နိုင်ငံပြင်ပရှိ  ယွမ်ငွေငွေချေးစာချုပ်ဈေးကွက်မှာ ယခုနှစ်အတွက်ဆက်လက်နာလန်ထူလာလျက်ရှိပါသည်။ ထိုသို့နာလန်ထူလာခြင်းမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံ၌အတိုးနှုန်းများ ပိုမိုတည်ငြိမ်စွာထိန်းထားနိုင်သောကြောင့်လည်း အချက်တစ်ချက်ဖြစ်ပါသည်။

         နိုင်ငံဖြတ်ကျော် ယွမ်ငွေအသုံးပြုမှုများကို အပြည်ပြည်ဆိုင်ရာကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်ရေးတို့မှလည်း ထပ်မံတွန်းအားပေးဆောင်ရွက်နိုင်မည်ဟု တရုတ်ဗဟိုဘဏ်အရာရှိများကမျှော်လင့်ထားကြပါသည်။ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့မှုမှာ အာရှနှင့်ပစိဖိတ်ဒေသရှိ ကုန်စည်ကုန်သွယ်ရေးကိုပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကာ၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများတွင် ယွမ်ငွေကိုတိုးချဲ့ အသုံးပြုနိုင်မည်ဟုလည်းမျှော်လင့်ထားကြပါသည်။ ထို့ပြင် နိုင်ငံဖြတ်ကျော်အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးမှာ နိုင်ငံခြားကုန်သွယ်ရေးတွင် ယွမ်ငွေအသုံးပြုမှုအခင်းအကျင်းကို တိုးမြှင့်ပေးနိုင်မည်ဟုမျှော်မှန်းထား ပါသည်။

     တရုတ်ဗဟိုဘဏ်သည် ယခုနှစ်ဇူလိုင်လအတွင်း ဘဏ်များ၏ အရန် ထားရှိရန် လိုအပ်ချက်အချိုးကို အခြေခံအမှတ် (၅၀) သို့ လျှော့ချခဲ့ရာ၊ အနာဂတ်တွင် မူဝါဒဖြေလျှော့ပေးမည့် မျှော်လင့်ချက်ကိုလွယ်ကူချောမွေ့စေခဲ့ပါသည်။ ကျန်သည့်လများ အတွင်း ၎င်းအခြေခံအမှတ်ကို နောက်ထပ် (၅၀)မှတ် ထပ်မံလျှော့ချပေးနိုင်ပါက တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့်ပြည်တွင်းအစုရှယ်ယာနှင့် ငွေချေးစာချုပ်ဈေးကွက်များအတွက် အပြုသဘောဆောင်သည့် စီမံဆောင်ရွက်မှုဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်လျက်ရှိပါသည်။

ရင်းမြစ်၊ CHINA DAILY (၂၀-၉-၂၀၂၁)   

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး