ကမ္ဘာတစ်ဝှမ်းတွင် ကပ်ရောဂါဖြစ်ပွားမှုအခြေအနေများ ခေါင်းထောင်နေဆဲဖြစ်သော်လည်း (၁၈) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ကျင်းပနိုင်ခဲ့ခြင်းက ပေါင်းစည်းထားသည့်ဒေသတွင်းဈေးကွက်၏ သက်ဝင်မှုနှင့်ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုတို့ကို စမ်းသပ်ခြင်းဖြစ်ကာ၊ ဘက်စုံကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ၏ အလားအလာများကို ဖော်ထုတ်ဆောင်ရွက်ရန် အဓိကပေါင်းကူးပေးသည့်နေရာတစ်ရပ်၏ အလားအလာများကိုခင်းကျင်းပြသနိုင်ခဲ့ခြင်း ဖြစ်ပါ သည်။
ယခုနှစ်တွင်ကျင်းပခဲ့သည့်ကုန်စည်ပြပွဲသို့ နိုင်ငံပေါင်း(၄၀)ကျော်မှ လုပ်ငန်းများပါဝင်ပြသခဲ့ကြကာ၊ နှစ် (၃၀)ပြည့် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးကို ဖော်ညွှန်းသည့် အထူးအစီအစဉ်များ၊ အဆင့်မြင့်ဆွေးနွေးပွဲ (၂၆)ခုနှင့် ဒေသတွင်းဘက်စုံစီးပွားရေးပေါင်းစပ်ဆောင်ရွက်မှုနှင့် အဓိကလုပ်ငန်းများကို မြှင့်တင်ပေးသည့် လှုပ်ရှားမှုပေါင်း (၁၅၀)နီးပါးတို့ကိုလည်း ထည့်သွင်းကျင်းပခဲ့ပါသည်။ (၁၈)ကြိမ်မြောက် ကုန်စည်ပြပွဲမှ အမေရိကန်ဒေါ်လာ (၄၆.၅၉) ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်ပေါင်း (၁၇၉)ခုကို ပြုလုပ်နိုင်ခဲ့ကာ ပြပွဲကျင်းပခဲ့သည့်ကာလတစ်လျှောက် အမြင့်ဆုံးတန်ဖိုး ဖြစ်ပါသည်။
ကပ်ရောဂါကာလမှစတင်၍ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ချိတ်ဆက်မှုများမှာ ဒေသတွင်းစီးပွားရေးကို ကြံ့ကြံ့ခံထိန်းထားနိုင်ရေးဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်လာပါသည်။ အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံနှင့်စားသုံးသူဈေးကွက်များ၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် ပညာရပ်ဆိုင်ရာဝန်ဆောင်မှုများကဲ့သို့ ထွန်းသစ်စပြုလာသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများရှိကြောင်း စင်ကာပူနိုင်ငံ၊ South Seas Society ၏ ဉက္ကဋ္ဌ Koh Chin Yee က မှတ်ချက်ပြုပြောကြားပါသည်။
အာဆီယံသည် တရုတ်နိုင်ငံ၏ထိပ်တန်းစိုက်ပျိုးရေးကုန်သွယ်ဖက်ဒေသဖြစ်ကာ၊ ကပ်ရောဂါကာလအတွင်းသော်မှ ထိုင်းနိုင်ငံမှဒူးရင်းသီး၊ မလေးရှားနိုင်ငံမှကော်ဖီစေ့ကဲ့သို့ ရောင်းအားသွက်သည့်ကုန်ပစ္စည်းများကို တရုတ် နိုင်ငံတွင်ရောင်းချနိုင်ရန် တရုတ် e-commerce platform များဖြင့်ကူညီပေးထားပါသည်။
နှစ် (၃၀)တာကာလ တည်ဆောက်ထားပြီးဖြစ်သည့် ငြိမ်းချမ်းရေးနှင့်မိတ်ဖက်ပြုသည့် ဆွေးနွေးမှုများမှတစ်ဆင့် အာဆီယံနှင့်တရုတ်တို့သည် အပြန်အလှန်နားလည်မှုများရရှိထားကြပြီးဖြစ်ကာ၊ ၎င်းအပေါ်အခြေခံ၍ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ပေါ်လာစေရေးအတွက် အတူတကွဆောင်ရွက်သွားကြရန် စိတ်အားထက်သန်နေကြကြောင်း သတင်းရရှိပါသည်။
ရင်းမြစ်၊ Xinhua (၁၇-၉-၂၀၂၁)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး