Main menu

Background

၂၀၂၀ - ၂၀၂၁ ခုနှစ်ကာလအတွင်း အာဂျင်တီးနားနိုင်ငံ၏ အဓိကလယ်ယာပို့ကုန်စိုက်ပျိုးထုတ်လုပ် တင်ပို့မှုအခြေအနေများ

Tue, 10/05/2021 - 09:39 -- journal_editor

ပြီးခဲ့သည့် ၇ ရက်တာကာလအတွင်း ပဲပုတ်စေ့တန်ချိန် ၄၉၅,၃၀၀ တန်တင်ပို့ပြီးနောက် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အာဂျင်တီးနားနိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၃၀.၅ သန်းတင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၉ ရက်နေ့(ကြာသပတေးနေ့)တွင်ပြောကြားခဲ့သည်။

              အာဂျင်တီးနားနိုင်ငံမှ ဆီထွက်သီးနှံစုစုပေါင်းတန်ချိန် ၃၂.၂ သန်းအား တင်ပို့ထားပြီးဖြစ်ရာ ယခင်နှစ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက လျှော့နည်းခဲ့ကြောင်း ဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

              ၂၀၂၀-၂၀၂၁ ခုနှစ် ပဲပုတ်စေ့သီးနှံရာသီသည် ၂၀၂၁ ခုနှစ် ဇွန်လတွင်ကုန်ဆုံးခဲ့ပြီး ပဲပုတ်စေ့ သီးနှံတန်ချိန် ၄၃.၁ သန်းထွက်ရှိခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်ကာလတွင် ပဲပုတ်စေ့တန်ချိန် ၄၉ သန်း အထိထွက်ရှိခဲ့သဖြင့် ယခုနှစ်ကာလတွင် သီးနှံအထွက်ပမာဏများလျှော့ကျခဲ့ကြောင်း၊ ပဲပုတ်စေ့တင်ပို့မှုသည် အာဂျင်တီးနားနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေအဓိကရရှိလျက်ရှိကြောင်း၊ ယခင်နှစ် ကတည်းကဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကူးဆက်ကပ်ရောဂါကြောင့် ၃ နှစ်ဆက်တိုက် ငွေကြေးကြပ်တည်းမှုများဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာန၏သတင်းတွင် ဖော်ပြထားသည်။

              ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် အာဂျင်တီးနားနိုင်ငံတွင် ပဲပုတ်စေ့တန်ချိန် ၄၄ သန်းအထိ ထွက်ရှိရန်ခန့်မှန်းထားကြောင်း Buenos Aires Stock Exchange၏ သတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အာဂျင်တီးနားနိုင်ငံမှ  ပြောင်းစေ့တန်ချိန် ၄၀.၉ သန်းအား တင်ပို့နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်ကာလ တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၃.၇ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။၂၀၂၀-၂၀၂၁ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံမှ ပြောင်းတန်ချိန် ၅၀.၅ သန်းအား ထွက်ရှိရန်ခန့်မှန်းထားပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တန်ချိန် ၅၅ သန်းအထိ ထွက်ရှိနိုင်ကြောင်း၊ ပြောင်းသီးနှံဒုတိယစိုက်ပျိုးရာသီသည် စက်တင်ဘာလအတွင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထား သည်။

              ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံမှ ဂျုံတန်ချိန် ၇ သန်းအား တင်ပို့နိုင်ခဲ့ပြီး လာမည့်ဒုတိယဂျုံသီးနှံစိုက်ပျိုးမှုမှ တန်ချိန် ၁၉.၂ သန်း ထပ်မံထွက်ရှိရန်ခန့်မှန်းထားကြောင်း Buenos Aires stock exchange သတင်းတွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - Reuters