Main menu

Background

ပဲမျိုးစုံဈေးကွက်တည်ငြိမ်ရေးအင်တာနက်စင်္ကြန်စနစ်ဖြင့်အိန္ဒိယအစိုးရကကြပ်မတ်ဆောင်ရွက်ခြင်း

Tue, 10/05/2021 - 15:53 -- journal_editor

     အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးကွက်တွင်ပါဝင်ဆောင်ရွက်လျက်ရှိသူများ အနေဖြင့်၎င်းတို့လက်ဝယ်ရှိကုန်လက်ကျန်ပမာဏကိုအိန္ဒိယစားသုံးသူရေးရာဌာန၏ အင်တာနက်စင်္ကြန်သို့တင်ပြရလျက်ရှိရာ လုပ်ငန်းရှင်ပေါင်း ၁၁၆၃၅ ဦးထံ၌ ၂၀-၉-၂၀၂၁ နေ့အထိ ပဲမျိုးစုံကုန်ချိန် ၃၀၉၇၆၉၄.၄၂ တန်ကျန်ရှိကြောင်းအိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာန ၃၀-၉-၂၀၂၁ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

   အိန္ဒိယစားသုံးသူရေးရာဌာနသည်အရေးကြီး စားသောက်ကုန် ၂၂ မျိုး၏ လက်လီနှင့်လက်ကားဈေးနှုန်းများကိုစောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်း၊ မူဝါဒပိုင်းစီမံခန့်ခွဲမှုအဖြစ် ကုန်စည်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး အတွက် တရားမဝင်ရောင်းချမှုအား ထိန်း ချုပ်ခြင်း၊ ပြည်တွင်းဈေးကွက်၌ ကုန်စည်များလွယ်ကူစွာရရှိစေရန်ပို့ကုန်၌ ကန့်သတ်လျက်သွင်းကုန်ကိုတိုးမြှင့်ရန်အားပေးလုပ်ဆောင်ခြင်း၊ အရန်စားနပ်ရိက္ခာများ ဖြည့်ဆည်းလျက် ပုံမှန်မဟုတ် သော ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ချိန်၌ အချိန်မီဖြန့်ဖြူးပေးခြင်း စသည်တို့ကိုလုပ်ဆောင်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ပဲမျိုးစုံ၏ ကိန်းဂဏန်းအချက်အလက်များရရှိနိုင်ရေး မှာ အဓိကအရေးပါသည့် အလျောက်ပဲမျိုးစုံ ထုတ်လုပ်ရောင်းဝယ်မှုကွင်းဆက်၌ ပါဝင်နေသူများ အနေဖြင့်ကုန်စည်အချက်အလက်စင်္ကြန်သို့ဝင်ရောက်၍ ကုန်လက်ကျန်စာရင်းကိုဖော်ပြစေခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကကုန်စည်သိုလှောင်ဈေးကစားမှုများအား စောင့်ကြည့်ကြပ်မတ်မှုကိုအထောက်အကူပြုကြောင်းဖြင့်အဆိုပါ သတင်းထုတ်ပြန်ချက်၌ဖော်ပြပါသည်။

  အိန္ဒိယစားသုံးသူရေးရာဌာန၏ အချက်အလက်စင်္ကြန်https://fcainfoweb.nic.in/pspသို့မှတ်ပုံတင်စာရင်းသွင်းလျက်ကုန်လက်ကျန်ပမာဏဖော်ပြသော လုပ်ငန်းရှင်တစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကိုလုံခြုံစွာ ထိန်းသိမ်းထားရှိပြီး ထုတ်ဖော်ကြေညာသည့်ပဲမျိုးစုံပမာဏအချက်အလက်များကိုဗဟိုနှင့်ပြည်နယ်အစိုးရအဖွဲ့များအပြင်မှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များကတွေ့မြင်နိုင်မည်ဖြစ်ပါသည်။

   သို့ဖြစ်ရာ ပြည်နယ်အစိုးရများအနေဖြင့်၎င်းတို့၏ နယ်မြေဒေသအတွင်း မည်သည့်ပဲအမျိုးအစားကပြတ်လပ်မှုဖြစ်ပေါ်နိုင်သည် ကိုခန့်မှန်းတွက်ဆမှုပြုလျက်ပြင်ပမှ ဝယ်ယူတင်သွင်းခွင့်ပြုမည် သို့မဟုတ်အရန်သိုလှောင်ထားရှိမှုမှ ဖြန့်ဖြူးပေးရမည်ကိုသုံးသပ်လျက်ကြိုတင်စီမံဆောင်ရွက်နိုင်မည်ဖြစ်သည်။ အလားတူဗဟိုအဆင့်၌ အိန္ဒိယစားသုံးသူရေးရာဌာနသည်လည်း နိုင်ငံတစ်ဝန်းရှိပဲမျိုးစုံကုန်လက်ကျန်အခြေအနေကိုကြည့်ရှုသုံးသပ်လျက်ချက်ချင်း လက်ငင်း တင်သွင်းစေခြင်း သို့မဟုတ်ပြည်ပတင်ပို့မှုကန့်သတ်ခြင်း သို့မဟုတ်အရန်သိုလှောင်ထားရှိမှထုတ်နှုတ်ဖြန့်ဖြူးစေခြင်းကိုလိုအပ်ကဲ့သို့ကြိုတင်စီမံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Source:         Over 11000 stockholders have declared pulses stock on Centre’s portal, 30-9-2021, Press Information Bureau of India

(နေအေးလွင်)          

စီးပွားရေးသံမှူး        

မြန်မာသံရုံး၊နယူးဒေလီမြို့