Main menu

Background

ဘရာဇီးလ်နိုင်ငံတွင် ပဲပုတ်စိုက်ပျိုးဧရိယာ ဟက်တာသန်း ၄၀ သို့ ပထမဆုံးအကြိမ်ရောက်ရှိနိုင်

Thu, 10/07/2021 - 09:56 -- journal_editor

   ၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံစိုက်ပျိုးရာသီချိန်တွင် ဈေးကွက်အလားအလာကောင်းမွန် နိုင်သည့်မျှော်လင့်ချက်များဖြင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပဲပုတ်စေ့သီးနှံစိုက်ပျိုးမှုကို စက်တင် ဘာလ ၃၀ ရက်နေ့တွင် စတင်ခဲ့ကြသည်။ယခင်သီးနှံရာသီတွင် ဈေးကွက်ဝယ်လိုအား မြင့်မားခဲ့သဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် ပဲပုတ်စေ့စိုက်ပျိုးမှုသည် ဟက်တာသန်း ၄၀ အထိရောက်ရှိ ရန်ခန့်မှန်းထားကြောင်း၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းရက်များသည် ပဲပုတ်စိုက်ပျိုးရာသီဖြစ်သည့်အတွက်   ကမ္ဘာ့ပဲပုတ်ဈေးကွက်သို့အများဆုံးတင်ပို့နေသည့် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စိုက်ပျိုးမှုအခြေအနေများကို အမေရိကန်လုပ်ငန်းရှင်များကလည်း စောင့်ကြည့်လေ့လာလျက်ရှိကြောင်း  လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့်အကြံပေးကုမ္ပဏီ၏ သုတေသနပညာရှင် Luiz Fernando Gutierrezက ပြောကြားခဲ့သည်။ ဘရာဇီးလ်နိုင်ငံ၏ပဲပုတ်စေ့တင်ပို့မှုသည် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ ဈေးကွက်ကို အဓိကရိုက်ခတ်မှုရှိကြောင်း၊ ချီကာဂိုဈေးကွက်ရှိ ဈေးကွက်ပေါက်ဈေးများသည် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ထွက်ရှိမှုအပေါ်တွင် မူတည်နေကြောင်း၊ လတ်တလောတွင် ပဲပုတ်စေ့ တစ်စည်လျင် အမေရိကန်ဒေါ်လာ  ၁၂.၅၀ မှ ၁၃ ဒေါ်လာအထိ ဈေးနှုန်းများဖြစ်ပေါ်နေကြောင်း၊ လာမည့်သီးနှံရာသီတွင် ဈေးကွက်တည်ငြိမ်မှုရှိစေလိုကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက် နေမှုကလည်း ဈေးကွက်ဝယ်လိုအားအပေါ်တွင် အကျိုးသက်ရောက်လျက်ရှိကြောင်း၊ ယခုနှစ်စိုက်ပျိုးရာသီတွင် ပဲပုတ်စေ့စိုက်ပျိုးဧရိယာတိုးတက်လာမှုကြောင့် ဘရာဇီးလ်နိုင်ငံ၏ ဆီထွက် သီးနှံစိုက်ပျိုးမှုသည် ၂၀၂၀-၂၀၂၁ ခုနှစ်ကာလနှင့်နှိုင်းယှဉ်ပါက ၂.၃ ရာခိုင်နှုန်းပိုမိုတိုးတက်နိုင်ပြီး တန်ချိန် ၃၈.၉၃ သန်း ပိုမိုထွက်ရှိရန် ခန့်မှန်းထားကြောင်း  Gutierrezက ပြော ကြားခဲ့သည်။

(ထွန်းအောင်ဇော်)   

စီးပွားရေးသံမှူး    

သတင်းရင်းမြစ် - canalrural.com.br