Main menu

Background

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ နှံစားသီးနှံစိုက်ပျိုးထွက်ရှိမည့်ပမာဏ ကျဆင်းနိုင်ကြောင်း ခန့်မှန်း

Fri, 10/08/2021 - 10:58 -- journal_editor

     ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ နှံစားသီးနှံနှင့်ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ တန်ချိန် ၂၅၀.၉၀ သန်း ထွက်ရှိနိုင်ကြောင်း  လယ်ယာထွက်ကုန်များနှင့်ပတ်သက်၍ သုတေသန ပြုလုပ်နေသည့် Systematic Survey of Agricultural Production (LSPA)အဖွဲ့၏ စက်တင်ဘာလ အတွင်းကခန့်မှန်းချက်ကို  Brazilian Institute of Geography and Statistics (IBGE)ကထုတ်ပြန် သည့် အောက်တိုဘာလ ၇ ရက်နေ့ သတင်းတွင်ဖော်ပြခဲ့သည်။   သုတေသနပြုတွေ့ရှိချက်များအရ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ သီးနှံထွက်ရှိမှုသည် ၂၀၂၀ ပြည့်နှစ်တွင်ထွက်ရှိခဲ့သည့် တန်ချိန် ၂၅၄.၁ သန်းနှင့်နှိုင်းယှဉ်ပါက ၁.၃ ရာခိုင်နှုန်းလျှော့နည်း နိုင်ကြောင်း ခန့်မှန်းထားသည်။သီးနှံထွက်ရှိမှုလျှော့ကျနိုင်သော်လည်း ၂၀၂၁ ခုနှစ် သီးနှံစိုက်ပျိုးဧရိယာ သည် ၂၀၂၀ ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဟက်တာ ၂.၉ သန်းခန့်ပိုမိုစိုက်ပျိုးခဲ့ပြီး စိုက်ပျိုးမြေ ဟက်တာ ၆၈.၃ သန်းအထိရှိနိုင်ကြောင်း ခန့်မှန်းထားသည်။စိုက်ပျိုးဧရိယာတိုးတက်ခဲ့သော်လည်း သီးနှံထွက်ရှိမည့်ပမာဏကျဆင်းရခြင်းမှာ စိုက်ခင်း များအတွက် လုံလောက်သောမိုးရေချိန်မရရှိသောကြောင့်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုနည်းပါးခဲ့သဖြင့် သီးနှံစိုက်ပျိုးချိန် နောက်ကျခဲ့ပြီး ဒုတိယသီးနှံစိုက်ပျိုးချိန်ပါ ဆက်လက်နောက်ကျမည်ဖြစ်ကြောင်း သုတေသနတာဝန်ခံ Carlos Barradas ကပြောကြားခဲ့သည်။နှံစားသီးနှံများအဓိကစိုက်ပျိုးသည့်ပြည်နယ်များ၌ သီးနှံစိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခဲ့သည့်အပြင် သီးနှံများထွက်ရှိချိန်တွင်လည်း ဆီးနှင်းများအေးခဲသည်အထိ အပူချိန်ကျဆင်း ခဲ့ကြောင်း၊ ရာသီဥတုဆိုးရွာမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သဖြင့် Paraná၊ São Paulo၊ Minas Gerais နှင့် Mato Grosso do Sul ပြည်နယ်တွင် သီးနှံစိုက်ခင်းများဆိုးရွားစွာပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Barradas ကပြောကြားခဲ့သည်။

             

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး  

သတင်းရင်းမြစ် - canalrural.com.br