Main menu

Background

ကိုရီးယားသမ္မတနိုင်ငံ၏လတ်တလော ကုန်သွယ်ရေး၊ စီးပွားရေးရာ အခြေအနေများ

Fri, 10/08/2021 - 11:06 -- journal_editor

 ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ကိုရီးယားသမ္မတနိုင်ငံ၏ကုန်သွယ်မှုအနေဖြင့် ပို့ကုန် အမေရိကန်‌ဒေါ်လာ(၅၅.၈၂၆)ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ(၅၁.၆၂၄)ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၀၇.၄၅)ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ရာ၊ ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် (၁၆.၇) ရာခိုင်နှုန်းနှင့် သွင်းကုန်တွင်(၃၁)ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက် နေ့မှ စက်တင်ဘာလအထိ ပို့ကုန်တွင် ယခင်နှစ်ကာလတူထက် (၂၆.၂) ရာခိုင်နှုန်း၊ သွင်းကုန်တွင် (၂၈.၆) ရာခိုင်နှုန်းဖြင့် တိုးတက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ 

  စက်တင်ဘာလအတွင်း ကျရောက်သည့် ချူဆော့-ကောက်သစ်စားပွဲတော်) ကာလအတွင်း စားသောက်ကုန်စျေးနှုန်းများ တည်ငြိမ်မှုရှိစေရန် တောင်ကိုရီးယားအစိုးရမှ ဆောင်ရွက်ပေးခဲ့သည့်အပြင်၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကယ်ဆယ်ရေး ဖြည့်စွက်ရန်ပုံငွေမှ သက်ဆိုင်ရာပြည်သူများသို့ ပံ့ပိုးငွေများကိုလည်း ချူဆော့ပွဲတော်အမီ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ်အတွက် အစိုးရဘဏ္ဍာရန်ပုံငွေအား ကိုရီးယားဝမ် (၆၀၄.၄) ထရီလီယံ  (ခန့်မှန်း-အမေရိကန်ဒေါ်လာ ၅၁၉ ဘီလီယံ)အဖြစ် စံချိန်တင်လျာထားပြီး၊ ထိုပမာဏတွင် အလုပ်အကိုင်အခွင့်အလမ်းအတွက် ဝမ်(၃၁.၃) ထရီလီယံ (ခန့်မှန်း-အမေရိကန်ဒေါ်လာ ၂၆.၈ ဘီလီယံ)နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍအတွက် (၁၂) ထရီလီယံဝမ် (ခန့်မှန်း-အမေရိကန်ဒေါ်လာ၁၀ဘီလီယံကျော်)အဖြစ် အသီးသီးဘဏ္ဍာငွေခွဲဝေ သတ်မှတ်ထားပါသည်။ လောင်စာဆီနှုန်းထားများ ကြီးမြင့်လာမှုကြောင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစ၍ ဓါတ်အားခနှုန်းထားများကို တစ်ယူနစ်လျှင် (၃)ဝမ်ခန့် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း Korea Electric Power Corporation (KEPCO)၏ဆုံးဖြတ်မှုအရ သိရှိရပါသည်။

   ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစတင်ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ စတုတ္ထလှိုင်းသည် လက်ရှိ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလဆန်းကာလအထိ ကိုဗစ်-၁၉ကူးစက်မှုများမြင့်တက်နေဆဲဖြစ်သဖြင့်Social Distancing စည်းကမ်းများကို မြို့တော်ဆိုးလ်နှင့်ပတ်ဝန်းကျင်ဒေသအတွက်အမြင့်ဆုံးLevel-4၊ကျန်နယ်ဒေသများအတွက် Level-3 ဖြင့်၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ထိ ဆက်လက်တိုးမြှင့်သတ်မှတ်ထားပါသည်။ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း ပြီးမြောက်မှုနှုန်း အနေဖြင့်(၆-၁၀-၂၀၂၁)ရက်နေ့အထိ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးသူ (၇၆.၉)ရာခိုင်နှုန်း၊ အပြည့်အဝကာကွယ်ဆေးထိုးပြီးသူ(၅၅.၁) ရာခိုင်နှုန်း ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုနှုန်းကို၂၀၂၁ခုနှစ်၊အောက်တိုဘာလအတွင်းတွင်နိုင်ငံ့လူဉီးရေ၏ (၇၀) ရာခိုင်နှုန်းသို့ရောက်ရှိရန် မျှော်မှန်းလျက်နေ့စဉ်လူနေမှုဘဝတွင်ကိုဗစ်-၁၉နှင့်အတူ New Normal Life အဖြစ်ယှဉ်တွဲနေထိုင်လျက် ပုံမှန်လူမှုစီးပွား ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် တိုးတက်စွာ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးစီမံဆောင်ရွက်လျက်ရှိပါသည်။

တင်ပြသူ-ဝင်းပပသူ၊ 

    စီးပွားရေးသံမှူး   

  (မြန်မာသံရုံး၊ ဆိုးလ်မြို့)