COVID-19ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့်စားသုံးသူများအား၎င်းတို့၏ကိုယ်ခံစွမ်းအားကိုအထောက်အကူပြုသည့်အစားအစာနှင့်သောက်သုံးဖွယ်များကိုပိုမိုဝယ်ယူရန်လှုံ့ဆော်ပေးကြောင်း၊ဗီတာမင်စီ၊ဗီတာမင်ဒီ၊သံဓါတ်(Zinc) ၊ပရိုဘိုင်အောတစ်(probiotics)၊အာဟာရဓါတ်အပြင် ကျန်းမာရေးအကျိုးကျေးဇူးရရှိနိုင်သောအစားအစာများ (functional foods)သည် အစားအသောက်များထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး ၊ဂျင်း၊နနွင်း၊ ကြက်သွန်ဖြူစသည့်ကျန်းမာရေးအကျိုးကျေးဇူးရှိသော ဟင်းခတ်အမွှေးအကြိုင်များ ဝယ်လိုအားမြင့်တက်နေကြောင်းသိရပါသည်။
ဥရောပရှိစားသုံးသူများ၏ (၄၅) ရာခိုင်နှုန်းသည်COVID19ကြောင့် ၎င်းတို့၏အစားအသောက် များတွင် အာဟာရဓါတ်များကိုပိုမိုထည့်သွင်းလိုကြသည်ကိုတွေ့ရှိရကြောင်း၊COVID-19ကပ်ရောဂါဖြစ်ပွားချိန်မှစတင်၍စားသုံးသူများ၏ (၂၉)ရာခိုင်နှုန်း ကကိုယ်ခံအားစနစ်အထောက်အကူပြုသည့် အစားအသောက်များကို ပိုမိုစိတ်ဝင်စားလာသည်ကိုတွေ့ရကြောင်း၊ဗီတာမင်စီနှင့်သံဓါတ်စသည်တို့အပြင်ဟင်းခတ်အမွှေးအကြိုင်နှင့်ဆေးဘက်ဝင်အပင်များ အပါအဝင်သဘာဝ ပါဝင်ပစ္စည်းများကို စားသုံးသူများကပိုမိုရှာဖွေလာကြကြောင်းသိရပါသည်။
ဟင်းခတ်အမွှေးအကြိုင်နှင့်ဆေးဘက်ဝင်အပင်များအားရုက္ခဗေဒဆိုင်ရာဆေးဘက်ဝင်ပစ္စည်းများ (Botanicals) ဟုခေါ်ဆိုကြောင်း၊ဗြိတိန်နိုင်ငံရှိအရွယ်ရောက်ပြီးသူများ၏ (၅၁) ရာခိုင်နှုန်းက Botanicals ပစ္စည်းများသည်ဆေးဘက်ဝင်အကျိုးကျေးဇူးများရှိသည်ဟုသဘောတူထားပြီး၊စပိန်နိုင်ငံရှိစားသုံးသူများ၏ (၁၇) ရာခိုင်နှုန်းသည်ကပ်ရောဂါဖြစ်ပွားပြီး နောက်ဆေးဘက်ဝင်အပင်ပစ္စည်းများ အားလေ့လာရန် ပိုမိုစိတ်ပါဝင်စား လာသည်ကို ပြသကြကြောင်းသိရပါသည်။
ဟင်းခတ်အမွှေးအကြိုင်များ ဝယ်လိုအားမြင့်တက်လာရာတွင် ဂျင်း၊နနွင်းနှင့်ကြက်သွန်ဖြူတို့က ဉီးဆောင်နေပြီး၊၂၀၁၉ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၀ခုနှစ်တွင် ၎င်းကုန်စည်များတင်သွင်းမှု သိသာစွာတိုးလာခဲ့ကြောင်း သိရပါသည်။ဥပမာအားဖြင့်ဥရောပ၌အဆိုပါထုတ်ကုန်များကိုအများဆုံးတင်သွင်းသည့်နယ်သာလန်နိုင်ငံ၏၂၀၂၀ခုနှစ်ဂျင်းတင်သွင်းမှုသည်ယူရို (၁၂၅) သန်းရှိခဲ့ပြီး၊၂၀၁၉ခုနှစ်နှင့်နှိုင်းယှဉ်လျှင်တင်သွင်းမှုပိုများခဲ့ကြောင်း၊ အလားတူ နနွင်းနှင့် ကြက်သွန်ဖြူ တင်သွင်းမှုသည်သိသိသာသာတိုးလာခဲ့ကြောင်း၊၂၀၂၁ခုနှစ်၊ပထမနှစ်ဝက်စာရင်းဇယားများအရတင်သွင်းမှုဆက်လက်တိုးတက်မည်ဖြစ်ကြောင်းသိရပါသည်။
ပုံမှန်အားဖြင့်နနွင်းနှင့်ဂျင်းကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များသည် တင်ပို့ခြင်းမပြုမီ အခြောက်ခံခြင်းနှင့်လှီးဖြတ်ခြင်းစသည့် ရိုးရှင်းသောလုပ်ငန်းစဉ်များကိုသာ ဆောင်ရွက်ရခြင်းဖြစ်သော်လည်း ယခုအခါကုမ္ပဏီများသည် အခြားသောနည်းများဖြင့် အသုံးပြုလာကြကြောင်း ၊ဥပမာအားဖြင့်Curcuminသည် နနွင်းမှထုတ်ယူခြင်းဖြစ်ပြီး၊ စားသုံးသူများသည် ယင်းကိုဆေးဘက်ဝင်ဖြည့်စွက်စာအဖြစ် သုံးစွဲကြခြင်းဖြစ်ကြောင်း၊ Curcuminထုတ်ယူခြင်းနှင့် ဓါတ်ခွဲခြင်းအပိုင်းတွင် ရင်းနှီးမြှုပ်နှံပြီးနောက်အိန္ဒိယနိုင်ငံသည်ယခုအခါကမ္ဘာ့Curcuminထုတ်လုပ်မှု၏ (၈၀) ရာခိုင်နှုန်းကျော်ကိုကိုယ်စားပြုထားကြောင်းသိရပါသည်။
အချို့ကုမ္ပဏီများသည်ဂျင်းနှင့်နနွင်းတို့ကိုဖျော်ရည်များနှင့်အဆီများအဖြစ်ထုတ်လုပ်ရာတွင်အသုံးပြုကြပါသည်။၎င်းတို့ကိုဖျော်ရည်များတွင်ဖြည့်စွက်ပါဝင်ပစ္စည်းများအဖြစ်အသုံးပြုကြရာ ဂျင်းမှာဖျော်ရည်များ၌ လူကြိုက်များသော ပါဝင်ပစ္စည်း တစ်ခုဖြစ်လာကြောင်း၊ အကြောင်းရင်းမှာဂျင်း၏ကျန်းမာရေးအကျိုးကျေးဇူးရှိခြင်းနှင့် သောက်သုံးရာတွင်စပ်သည့်အရသာကိုရရှိစေခြင်း တို့ကြောင့်ဖြစ်ကြောင်းသိရပါသည်။
အလားတူဗီတာမင်များနှင့်ဆေးဘက်ဝင်ဖြည့်စွက်ပစ္စည်းများပါဝင်သည့်အားဖြည့်ဖျော်ရည် (Juice shots) များလူကြိုက်များရေပန်းစားလာကြောင်းသိရသည်။ Juice shots များအား(၁၀၀)မီလီခန့်ပါဝင်သည့် ပုလင်းသေးများဖြင့် ထုတ်လုပ်လေ့ရှိပြီး၊အချို့သောအမှတ်တံဆိပ်များက၎င်းဖျော်ရည်များအားကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးနိုင်သည့်ပါဝင်ပစ္စည်းများဖြင့်အထူးပြုထုတ်လုပ်ကြကြောင်းသိရပါသည်။ဥပမာအားဖြင့် ဗြိတိန်နိုင်ငံရှိPlenish အမှတ်တံဆိပ် သည် “Ginger immunity” နှင့် “Turmeric Defence” စသည့် Juice shots များကိုထုတ်လုပ်ဖန်တီးထားကြောင်းသိရပါသည်။
ကျော်စိန်ဝင်း
စီးပွားရေးသံမှူး
ရင်းမြစ် - (https://www.cbi.eu/news/increase-demand-immunity-boosting-spices)