ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တရုတ်ပြည်တွင်းရှိ ပိုးအိမ်မှ ထုတ်လုပ် ထားသည့် ပိုးသား (cocoon silk)ဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ပါသည်။ စက်တင်ဘာလ (၂၉)ရက်နေ့ရှိ ပျမ်းမျှ ပိုးအိမ်အခြောက်ဈေးကွက်မှာ တစ်တန်လျှင် ယွမ်ငွေ (၁၅၀,၀၀၀)ဖြစ်ခဲ့ပြီး၊ စက်တင်ဘာလအစောပိုင်းကထက် (၃.၂၃) ရာခိုင်နှုန်းနှင့် ယခင်နှစ်ကထက် (၆၄.၈၄) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ကုန်ကြမ်းပိုးအိမ်၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် (၄၃၁,၆၅၀) ယွမ်ဖြစ်ကာ၊ စက်တင်ဘာလအစောပိုင်းကထက် (၃) ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း၊ ယခင်နှစ်ကထက် (၄၃.၃၉) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
မကြာသေးမီက ကွမ်ရှီးနှင့် Liucheng တို့မှ ဆောင်းဉီး ပိုးအိမ်များ ထွက်ပေါ် လာပြီဖြစ်ရာ ယေဘုယျအဝယ်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၄၈)ယွမ်မှ (၅၀)ယွမ်ကြား ဖြစ်ပါသည်။Yizhouမှ ရရှိသည့် ပိုးအိမ်များမှာ အရည်အသွေးပိုမိုကောင်းမွန်ပြီး ယေဘုယျ အမျိုးအစားမှာ တစ်ကီလိုလျှင် ယွမ် (၅၀)မှ (၅၂) ယွမ်ကြား၊ ကောင်းမွန်သည့် အမျိုးအစားမှာ (၅၃) ယွမ် ဈေးရှိပါသည်။
တရုတ်အနောက်အလယ်ပိုင်းရှိ ကျင်းစုပြည်နယ်၏ အဓိက ဆောင်းဉီးပိုးအိမ်ထုတ်လုပ်ရာ ဒေသနှစ်ရပ်ဖြစ်သည့် Dongtai နှင့် Nantongတို့တွင် တစ်ကီလိုဂရမ်လျှင် (၅၃) ယွမ်မှ (၅၄)ယွမ်ကြား ဈေးရှိပါသည်။ Fengjieနှင့် Wuxiဒေသများမှ ပိုးအိမ်များမှာ တစ်ကီလိုလျှင် (၄၇) ယွမ်ခန့်ရှိပါသည်။ ချုံချင်း၏ Qianjiangဒေသမှ ဆောင်းဉီးနှောင်း ပိုင်း ပိုးအိမ်များ ရရှိပါသည်။
တရုတ်အကောက်ခွန်ဌာနမှ စာရင်းများအရ ယခုနှစ် ဩဂုတ်လတွင် တရုတ် နိုင်ငံမှ အမေရိကန်ဒေါ်လာ (၂၇၇,၉၆၆)တန်ဖိုးရှိ ပိုးအိမ်အစို/အခြောက် တန်ချိန် (၂၀၂,၉၀၇)တန် တင်ပို့ခဲ့ကာ တစ်တန်လျှင် ပျမ်းမျှဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၁,၃၇၀) ဒေါ်လာဖြစ်ပါသည်။ လတ်ဆတ်သည့်ပိုးအိမ်တန်ချိန် (၆၁၈,၃၉၂)တန်ကိုလည်း တင်ပို့ခဲ့ကာ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁,၉၃၇) ဒေါ်လာ ဖြစ်ပါသည်။
ယခုအခါ တရုတ်နိုင်ငံတွင် စွမ်းအင်အသုံးပြုမှုအပေါ် နှစ်မျိုးထိန်းချုပ်မှုကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လာသဖြင့် ပိုးချည်ရစ်လုပ်သည့် ကုမ္ပဏီများနှင့် အခြားကုမ္ပဏီများမှာ လျှော့ချမည့်အသိပေးချက်ကို ရရှိထားကြပါသည်။ ကုမ္ပဏီအများစုတွင် အစီအစဉ်များ မရှိသေးသောကြောင့် အောက်တိုဘာလအတွင်း လျှပ်စစ်အသုံးပြုရေးစီမံဆောင်ရွက်မှုများအပေါ် အခြေပြုလျက် အစီအစဉ်များကို ပြုလုပ်သွားကြမည် ဖြစ်ပါသည်။
ကျင်းစုနှင့် ကျဲ့ကျန်းပြည်နယ်များရှိ ပုံနှိပ်နှင့် ဆေးဆိုးစက်ရုံများမှာ ၎င်းတို့၏ ထုတ်လုပ်မှုကို စက်တင်ဘာလမကုန်မီ ပြန်လည်ချိန်ညှိခဲ့ကြသောကြောင့် ရက်ကန်း လုပ်ငန်းများမှ ကုန်တင်ပို့မှုများမှာ (၅၀) ရာခိုင်နှုန်းအောက်တွင်သာ ရှိခဲ့ပါသည်။ ကုန်ချော သိုလှောင်မှုအပေါ် ဖိအားများမှာ ဆက်လက်တည်ရှိနေပြီး၊ ကုန်ကြမ်းဝယ်ယူရေးအတွက် စိတ်အားထက်သန်မှုများမှာလည်း များစွာမြင့်မားခြင်း မရှိလှပေ။
တရုတ်အကောက်ခွန်ဌာန၏ စာရင်းများအရ ဩဂုတ်လအတွင်း ပိုးထည် ကုန်စည်တင်ပို့တင်သွင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၄၈)သန်းဖြစ်ခဲ့ကာ ယခင်နှစ် ကထက် (၅၀.၄၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ၎င်းတို့အနက် ပို့ကုန်တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ (၁၁၇) သန်းရှိခဲ့ကာ ယခင်လကထက် (၁၇.၂၇) ရာခိုင်နှုန်းနှင့် ယခင်နှစ်က ထက် (၅၂.၄၆) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၃၁) သန်းရှိခဲ့ကာ ယခင်လကထက် (၁.၈၄) ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ၊ ယခင်နှစ် ကထက် (၄၃.၂၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
ယခုနှစ် ပထမ (၈)လအတွင်း ပိုးစစ်ကို အသုံးပြုထားသည့် ကုန်စည်များကို တင်ပို့တင်သွင်းခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၀၇၇) ဘီလီယံဖိုးရှိခဲ့ကာ၊ ယခင် နှစ်ကထက် (၂၅.၅၉) ရာခိုင်နှုန်း တိုးတက်လာပါသည်။ ၎င်းပမာဏသည် တရုတ်နိုင်ငံ၏ စုစုပေါင်း အထည်အလိပ်နှင့် အဝတ်အထည် တင်ပို့တင်သွင်းမှုပမာဏ၏ (၀.၄၉) ရာခိုင်နှုန်း ခန့်ရှိပါသည်။ ပို့ကုန်တင်ပို့ရာတွင် သင်္ဘောကုန်တင်ခနှုန်းထားများ မြင့်တက်လာခြင်းနှင့် အချိန် ကာလကြာမြင့်ခြင်းတို့ကြောင့် ပြည်ပကုန်အမှာစာများ လျော့နည်းခဲ့ပါသည်။
ထိုကဲ့သို့ ဈေးကွက်အတွင်း ဆက်လက်ကျဆင်းနေသောကြောင့် ကုန်ချော ထုတ်လုပ်သည့်လုပ်ငန်းများတွင် ညှိနှိုင်းဆွေးနွေးနေမှုများမှာ အချိန်ကာလကြာမြင့်လာပြီး၊ ကွမ်ရှီး၊ ကျဲ့ကျန်းနှင့် ကျင်းစုပြည်နယ်များရှိ စက်ရုံများမှာလည်း ထုတ်လုပ်မှုကို ကန့်သတ် ခြင်းနှင့် ရပ်တန့်ခြင်းများဖြင့် ကြုံတွေ့နေရပါသည်။ ဤအနေအထားတွင် ကုန်ကြမ်းများကို သတိကြီးကြီးထား၍ ဝယ်ယူကြမည်ဟု ခန့်မှန်းထားသော်လည်း၊ (၁၁)လပိုင်း (၁၁)ရက်နေ့ ဟူသည့် (၁)လေးလုံးပွဲတော်နှင့် ခရစ်စမတ်ကာလများ နီးကပ်လာသောကြောင့် ကုန်အမှာ စာ အချို့ပြန်လည်တက်လာရာ၊ ပိုးအိမ်ပိုးဈေးကွက် ကောင်းမွန်လာမည်ဟုလည်း တစ်ဖက်တွင် မျှော်လင့်ထားပါသည်။
သတင်းများစုစည်းတင်ပြသူ
ဒေါက်တာရွှေစင်ကို
စီးပွားရေးသံမှူး
ရင်းမြစ်၊ SunSirs (၃၀-၉-၂၀၂၁)