Main menu

Background

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှု ၄.၃ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်းခန့်မှန်း

Mon, 10/11/2021 - 14:08 -- journal_editor

         ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုမှ ပဲပုတ်စေ့တန်ချိန် ၃၈၀.၁ သန်းအထိထွက်ရှိနိုင်ပြီး ယခင်နှစ်သီးနှံကာလတွင်ထုတ်လုပ်ခဲ့သည့် ပဲပုတ်စေ့တန်ချိန် ၃၆၃.၆ သန်းထက် ၄.၃ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်းခန့်မှန်းထားသည်။ အဆိုပါခန့်မှန်းချက်အား ကမ္ဘာ့အဓိကကုန်စည်များ၏ ရောင်းလိုအားနှင့်ဝယ်လိုအားဆိုင်ရာအချက်အလက်များကို ပြုစုဖြန့်ဝေလျက်ရှိသည့် G-20 ၏ အဓိကအစိတ်အပိုင်းဖြစ်သည့် Agricultural Market Information System (AMIS) ကထုတ်ဝေသည့် အောက်တိုဘာလသုံးသပ်ချက်စာစောင်တွင် ဖော်ပြထားသည်။

         စက်တင်ဘာလခန့်မှန်းချက်တွင် ကမ္ဘာ့ပဲပုတ်စေ့ထုတ်လုပ်မှုသည် တန်ချိန် ၃၈၀.၆ သန်း ထွက်ရှိရန်ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံနှင့်အာဂျင်တီးနားနိုင်ငံတို့၏ သီးနှံထွက်ရှိမှုကျဆင်းခဲ့သော်လည်း ကမ္ဘာ့ဆီထွက်သီးနှံ ထုတ်လုပ်မှု၏ ၃၇ ရာခိုင်နှုန်းရှိသည့် ဘရာဇီးလ်နိုင်ငံ၏ပဲပုတ်စေ့ထွက်ရှိမှုတိုးတက်ခဲ့သဖြင့် ကမ္ဘာ့ဆီထွက်သီးနှံထုတ်လုပ်မှုသည် ကြိုတင်ခန့်မှန်းချက်အတိုင်း ဖြစ်ပေါ် ခဲ့သည်။

            ကမ္ဘာ့ပဲပုတ်စေ့ထုတ်လုပ်မှုသည် တန်ချိန် ၃၈၄.၄ သန်းရှိကြောင်း အမေရိကန်စိုက်ပျိုးရေး ဌာန(U.S. Department of Agriculture - USDA)၏သတင်းတွင်ဖော်ပြခဲ့ပြီး International Grain Council က တန်ချိန် ၃၇၉.၅ သန်း ထုတ်လုပ်ခဲ့ကြောင်းဖော်ပြထားသည်။

             ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် တောင်အမေရိကနိုင်ငံများ၏ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှု သည် တန်ချိန် ၁၉၇.၇၀ သန်းရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံကာလတွင် တန်ချိန် ၂၁၁.၉၄ သန်း အထိရှိနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ၇ ရာခိုင်နှုန်းပိုမိုတိုးတက်ထွက်ရှိနိုင်ကြောင်း၊ အဆိုပါထွက်ရှိမှုများအနက် ၆၄.၃ ရာခိုင်နှုန်းကို ဘရာဇီးလ်နိုင်ငံကထုတ်လုပ်ကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၁၄၄.၀၇ သန်း ဝန်းကျင်ရှိကြောင်း  စိုက်ပျိုးရေးအကြံပေးကုမ္ပဏီ Datagro ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။

           ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၅.၀၄ သန်းအား တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ တင်ပို့ခဲ့သည့် တန်ချိန် ၃.၉၂ သန်းထက် ၂၈ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ကြောင်း၊ ယခုနှစ် ဩဂုတ်လတွင် ပဲပုတ်စေ့တန်ချိန် ၅.၇၉ သန်း တင်ပို့နိုင်ခဲ့ကြောင်း National Association of Cereal Exporters (Anec)၏ သတင်းတွင်ဖော်ပြထားသည်။

              ယခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိကာလတွင် ပဲပုတ်စေ့တန်ချိန် ၉၅၀,၈၈၀ တန်နှင့် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း တန်ချိန် ၁.၃၁ သန်းအား တင်ပို့ခဲ့ကြောင်း၊ ယခုနှစ်နှစ်ဆန်းပိုင်းမှ စက်တင်ဘာလကုန်အထိ ပဲပုတ်စေ့တန်ချိန် ၇၉.၃ သန်းအား တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း ANEC ၏ သတင်းတွင်ဖော်ပြထားသည်။

             ပဲပုတ်စေ့စားသောက်ကုန်တင်ပို့မှုတွင် စက်တင်ဘာလအတွင်း တန်ချိန် ၁.၇၂ သန်းအထိ ရှိနိုင်ကြောင်း၊ ယခင်နှစ်ကာလတူတွင် တန်ချိန် ၁.၃၂ သန်းအားတင်ပို့ခဲ့ကြောင်း၊ ဩဂုတ်လတွင် ပဲပုတ်စေ့စားသောက်ကုန်တန်ချိန် ၁.၂၈ သန်းတင်ပို့ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလကုန်အထိကာလတွင် စားသောက်ကုန်တန်ချိန် ၁၃.၀၁ သန်းအား တင်ပို့နိုင်ရန်ခန့်မှန်းထားကြောင်း ANEC ၏ သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br