Main menu

Background

ဘရာဇီးလ်နိုင်ငံတွင် ပြောင်းအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် Mato Grosso ပြည်နယ်အတွင်းသို့ ၄နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပြောင်း တင်သွင်း

Mon, 10/11/2021 - 14:17 -- journal_editor

        ဘရာဇီးလ်နိုင်ငံ၏ ပြောင်းအထွက်ကျဆင်းမှုကြောင့် ပြည်ပမှနှံစားသီးနှံဝယ်ယူတင်သွင်းမှုများမြင့်တက်လျက်ရှိသည်။ ဘရာဇီးလ်နိုင်ငံတွင် ပြောင်းအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် Mato Grosso ပြည်နယ်သည် ၄နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပမှပြောင်းစေ့များ ဝယ်ယူတင်သွင်းခဲ့သည်။

        ဘရာဇီးလ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှဩဂုတ်လအတွင်း ပြောင်းတန်ချိန် ၁.၂ သန်း အား ဝယ်ယူတင်သွင်းခဲ့ပြီး လတ်တလောကာလတွင် ဒုတိယအများဆုံးတင်သွင်းသည့်ပမာဏဖြစ်ကြောင်း၊ ပါရာဂွေးနိုင်ငံမှအများဆုံး ဝယ်ယူတင်သွင်းခဲ့ပြီး ပြောင်းတန်ချိန် ၈၈၂,၀၀၀ တန် ဝယ်ယူခဲ့ကြောင်း၊ စုစုပေါင်းပြောင်းတင်သွင်းသည့်ပမာဏ၏ ၇၁.၉ ရာခိုင်နှုန်းရှိကြောင်း ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဌာန(Secretariat of Foreign Trade-Secex) ၏ စာရင်းများတွင်ဖော်ပြထားသည်။  

          Mato Grosso ပြည်နယ်အတွင်းသို့ တင်သွင်းခဲ့သည့် ပြောင်းတန်ချိန် ၈ တန်သည် ပြည်နယ်မှနှစ်စဉ်စိုက်ပျိုးထုတ်လုပ်သည့်ပြောင်းတန်ချိန် ၃၂ သန်းနှင့်နှိုင်းယှဉ်ပါက အလွန်နည်းပါးသည့်ပမာဏဖြစ်သော်လည်း လတ်တလော ၄ နှစ်တာကာလအတွင်း ပြည်နယ်အတွင်းသို့ ပထမဆုံးအကြိမ် ပြောင်းတင်သွင်းမှုအဖြစ်မှတ်တမ်းတင်ခဲ့သည်။

        ပြောင်းတင်သွင်းသည့်ပမာဏသည် အလွန်နည်းပါးသော်လည်း ဘရာဇီးလ်နိုင်ငံ၏ ပြောင်းအများဆုံးစိုက်ပျိုးထုတ်လုပ်တင်ပို့နေသည့်ပြည်နယ်တွင် မွေးမြူရေးလုပ်ငန်းများနှင့်စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းမလုံလောက် သည့်လက္ခဏာများအဖြစ် တွေ့မြင်ရကြောင်း၊ Mato-grossensse Institute of Agricultural Economics (Imea) မှ ကြီးကြပ်ရေးမှူး Daniel Latorraca က ပြောကြားခဲ့သည်။

         Mato Grosso ပြည်နယ်၏ ပြောင်းစားသုံးမှုသည် ပြည်နယ် တစ်ခုလုံးစိုက်ပျိုးထွက်ရှိမှု၏ ၃ ပုံ ၁ ပုံခန့်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်သီးနှံကာလတွင် ပြောင်းထွက်ရှိမှုများကျဆင်းခဲ့သဖြင့် ပြည်ပမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့် သီးနှံရာသီချိန်တွင် ပြောင်းတိုးချဲ့စိုက်ပျိုးမည့်အခြေအနေများရှိကြောင်း Imea က ခန့်မှန်းပြောကြားခဲ့သည်။

          ၂၀၂၁ ခုနှစ်တွင် ပြည်နယ်၏ ပြောင်းစားသုံးမှုသည် တန်ချိန် ၁၁ သန်းအထိရောက်ရှိရန် ခန့်မှန်းထားပြီး ယခင်နှစ်စားသုံးမှုနှင့်နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းတိုးတက်လာကြောင်း National Union of Corn Ethanol (UNEM) ၏ သတင်းတွင်ဖော်ပြထားသည်။

      ယခုနှစ်တွင် အာဂျင်တီးနားနိုင်ငံမှ ပြောင်းကုန်ကြမ်းတင်သွင်းမှုကြောင့် အသားထုတ်လုပ်သည့် ဘရာဇီးလ်နိုင်ငံ၏တောင်ပိုင်းနှင့်အရှေ့တောင်ပိုင်းပြည်နယ်များတွင် အကျိုးကျေးဇူးများရရှိကြောင်း၊ ဈေးကွက်အတွင်းရှိ ပြောင်းကုန်ကြမ်းလိုအပ်ချက်မြင့်မားနေမှုကို ဖြည့်ဆည်းနိုင်သည့်အတွက် ပြောင်းဈေးနှုန်းများကိုပိုမိုတည်ငြိမ်စေကြောင်း  National Union of Corn Ethanol (UNEM) ၏ ဥက္ကဌ Guilherme Nolasco က ပြောကြားခဲ့သည်။

       ကမ္ဘာ့ဈေးကွက်တွင် တရုတ်နိုင်ငံ၏ဝယ်လိုအားမြင့်တက်လျက်ရှိသော်လည်း အဓိကတင်ပို့လျက်ရှိသည့် အမေရိကန်နှင့်ဘရာဇီးလ်နိုင်ငံတို့၏ပြောင်းတင်ပို့နိုင်မှုမှာ ကျဆင်းလျက်ရှိသည်။ ထို့အပြင် အမေရိကန်ဒေါ်လာငွေ တန်ဖိုးမြင့်တက်နေမှုနှင့်ဈေးကွက်အတွင်းပြောင်းဝယ်လိုအားမြင့်တက်နေမှုတို့ကြောင့် လာမည့်ပြောင်းစိုက်ပျိုးရာသီတွင် ဘရာဇီးလ်နိုင်ငံ၏ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာနိုင်ကြောင်း Rural Union of Canarana (MT) မှ ဥက္ကဌ Alex Wish က ခန့်မှန်းထားသည်။  

         မြောက်အမေရိကနှင့်တောင်အမေရိကနိုင်ငံများနှင့် ဥရောပနိုင်ငံများ၏ ပြောင်းတင်ပို့မှုများ ကျဆင်းခဲ့သဖြင့် ကမ္ဘာ့ပြောင်းဈေးကွက်တွင် ဝယ်လိုအားများမြင့်တက်လျက်ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် မွေးမြူရေးကဏ္ဍတွင် ပြောင်းကုန်ကြမ်းဈေးနှုန်းများမြင့်တက်လျက်ရှိရာ အသားထုတ်လုပ်မှုတွင်လည်း ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ ထို့ကြောင့် သီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့မှုများအတွက် နှံစားသီးနှံများပိုမိုတိုးချဲ့ စိုက်ပျိုးရန်လိုကြောင်း လယ်ယာထွက်ကုန် စီးပွားရေးအကျိုးဆောင်ကုမ္ပဏီ၏ ဒုတိယဥက္ကဌ Lucas Costa Beber က ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br