Main menu

Background

စက်မှုလုပ်ငန်းများမှရရှိသည့်အမြတ်အစွန်းများဆက်လက်တိုးတက်ခဲ့ခြင်း

Mon, 10/11/2021 - 14:32 -- journal_editor

        တရုတ်နိုင်ငံရှိအဓိကစက်မှုလုပ်ငန်းများ၏ထုတ်လုပ်မှုသည်ဆက်လက်ခိုင်မာမှုရှိပြီး လုပ်ငန်းများလည်ပတ်မှုဆက်လက်တိုးတက်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၊ ပထမ (၈) လတာကာလအတွင်း ပြည်တွင်းရှိ စက်မှုလုပ်ငန်းများမှ အမြတ်အစွန်းရရှိမှုသည် တည်ငြိမ်စွာဖြင့် ဆက်လက်တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ အဆိုပါကာလအတွင်း နှစ်စဉ်အနိမ့်ဆုံးဝင်ငွေ အမေရိကန်ဒေါ်လာ(၃.၁) သန်းရှိသည့်လုပ်ငန်းများမှ စုစုပေါင်းအမြတ်အစွန်းရရှိမှု တရုတ်ယွမ်ငွေ (၅.၆) ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကထက် (၄၉.၅) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ဩဂုတ်လတစ်ခုအတွင်းမှာပင် ပြည်တွင်းစက်မှ လုပ်ငန်းများမှ အမြတ်အစွန်းရရှိမှုသည် တရုတ်ယွမ်ငွေ (၆၈၀.၂၈)ဘီလီယံရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်ကာလတူကထက် (၁၀.၁) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့ခဲ့သော်လည်း တရုတ်နိုင်ငံရှိစက်မှုလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုဆက်လက်တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်း၌ နည်းပညာမြင့်မားသည့် ထုတ်လုပ်ရေးကဏ္ဍမှ အမြတ်အစွန်းရရှိမှုသည် ပျမ်းမျှတိုးတက်နှုန်းထက်ကျော်လွန်ကာ(၁၇.၅)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း COVID-19 ကာကွယ်ဆေးများ ဝယ်လိုအားမြင့်မားခဲ့ကြောင်း၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍမှ အမြတ်အစွန်းရရှိမှုသည် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၇၀.၅) ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း၊ အလားတူပင် သတ္တုတွင်းလုပ်ငန်းများ၊ ကုန်ကြမ်းပစ္စည်းထုတ်လုပ်ရေးကဏ္ဍများမှ အမြတ်အစွန်းရရှိမှုဆက်လက်တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

     ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ကျောက်မီးသွေးလုပ်ငန်းများမှ အမြတ်အစွန်းရရှိမှုသည် (၂၄၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းများမှအမြတ်အစွန်း ရရှိမှုသည် (၂၅၇) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ သံမဟုတ်သည့်သတ္တုကဏ္ဍ၊  ဓါတုကဏ္ဍများသည်လည်း (၉၈.၉) ရာခိုင်နှုန်းနှင့် (၆၆.၅) ရာခိုင်နှုန်းအသီးသီး မြင့်တက်လာခဲ့ကြောင်း၊ အလားတူပင် ဈေးကွက်ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းနှင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းကြောင့် လူသုံးကုန်ပစ္စည်းများမှ အမြတ်အစွန်းရရှိမှုသည်လည်း တည်ငြိမ်စွာဖြင့်မြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက် ပျံ့နှံ့မှုများ ပြန်လည်ဖြစ်ပွားလာခြင်း၊ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်း၊ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုများ အပါအဝင် စိန်ခေါ်မှုများကြောင့် ကုမ္ပဏီများ၏ အမြတ်အစွန်းရရှိမှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်လာစေမည် ဖြစ် ကြောင်း၊ သို့ဖြစ်ရာ စက်မှုလုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်မှု ပိုမိုခိုင်မာအားကောင်းစေရန်၊ ကုန်ကြမ်းပစ္စည်းများ ရောင်းလိုအားခိုင်မာအားကောင်းစေရန် ၊ အခွန်အခများ ဖယ်ရှားခြင်းအပါအဝင် လိုအပ်သည့်စီမံဆောင်ရွက်မှုများအား ချမှတ်ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူမှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: http://www.chinadaily.com.cn/a/202109/28/WS615272a8a310cdd39bc6c064. html

ရွှေစင်ဦး(စီးပွားရေးသံမှူး)