Main menu

Background

အိန္ဒိယနိုင်ငံတွင် ၂၀၂၁ ခုနှစ် မိုးသီးနှံရာသီ၌ စပါးနှင့်ပဲမျိုးစုံ ဧရိယာတိုးချဲ့စိုက်ပျိုးခဲ့ခြင်း

Mon, 10/11/2021 - 15:11 -- journal_editor

          အိန္ဒိယနိုင်ငံ၏ ၂၀၂၁-၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးရေးရာသီကာလတွင် ပြည်နယ်များစွာ၌ မိုးရွာသွန်းမှု ပုံသဏ္ဌာန်မမှန်သောကြောင့် လယ်ယာလုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးမှုဖြစ်ပေါ်ခဲ့သော်လည်း မိုးသီးနှံစပါးနှင့်ပဲမျိုးစုံ တို့အား ယခင်နှစ်ကထက်ပိုမို၍ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

          ယခုနှစ် မိုးသီးနှံမျိုးစုံစိုက်ပျိုးပြီးစီးမှု ဧရိယာစုစုပေါင်းမှာ ဟက်တာ ၁၁၂၁.၈၁ သိန်း ရှိပြီး ယခင်နှစ်ကထက် ဟက်တာ ၂.၃၈ သိန်း ပိုမိုတိုးတက်လာခဲ့ကြောင်း၊ မိုးသီးနှံစိုက်ပျိုးကာလကုန်ဆုံးချိန်အထိ စပါးစိုက်ဧရိယာမှာ တိုးတက်လာခဲ့ရာ အိန္ဒိယနိုင်ငံတစ်ဝန်း၌ ယခင်နှစ်ကာလတူထက် ဟက်တာ ၁၃.၃၄ သိန်း (၃.၂% ခန့်) ပိုမိုလျက် ဟက်တာပေါင်း ၄၂၂.၇၃ သိန်း စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ ဩရိသျှနှင့်ကီရာလာ ပြည်နယ်များ၌ စိုက်ဧရိယာ ကျဆင်းခဲ့သော်လည်း တဲလန်ဂါနာ၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂျာကန်၊ ဂျမူးနှင့်ကက်ရှ်မီးယား၊ ပန်ဂျပ် ပြည်နယ်များတွင် တိုးတက်မှုများ ရရှိခဲ့ကြောင်းဖြင့်  Hindu Business Line သတင်းဌာနက ရေးသားဖော်ပြပါသည်။

            မိုးသီးနှံပဲမျိုးစုံတွင် ပဲစင်းငုံ ဧရိယာ ဟက်တာ ၅၀.၅၀ သိန်း စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ကထက် ဟက်တာ ၁.၇၅ သိန်း ပိုမိုခဲ့ပြီး၊ မတ်ပဲစိုက်ဧရိယာသည်လည်း ယခင်နှစ်ထက် ဟက်တာ ၀.၈၂ သိန်း ပိုမိုလျက် ဟက်တာ ၄၀.၀၅ သိန်း စိုက်ပျိုးထားရှိပြီးဖြစ်သည်။ သို့ရာတွင် မိုးပဲတီစိမ်းစိုက်ပျိုးမှုမှာ ယခင်နှစ်က ဟက်တာ ၃၅.၅၃ သိန်းရှိခဲ့ရာမှာ ယခုနှစ်တွင် ဟက်တာ ၃၅.၄၁ သိန်း သို့ ကျဆင်းခဲ့ကြောင်း၊ အထူးသဖြင့် ပဲတီစိမ်းအဓိကစိုက်ပျိုးရာ ရာဂျပ်စတန်ပြည်နယ်၌ မိုးရွာသွန်းမှု ပုံသဏ္ဌာန်ပျက်ယွင်းခြင်းက စိုက်ပျိုးဧရိယာလျော့ကျမှုဖြစ်စေခဲ့ကြောင်း၊ မိုးသီးနှံပဲမျိုးစုံ စုစုပေါင်းစိုက်ပျိုးပြီးသည့်ဧရိယာမှာ ဟက်တာ ၁၄၂.၃၇ သိန်းဖြစ်ပြီး ယခင်နှစ်ကထက် ဟက်တာ ၃.၀၃ သိန်းပိုမိုတိုးချဲ့နိုင်ခဲ့ကြောင်း သိရှိရသည်။

         အခြားနှံစားသီးနှံများမှာ ၂၀၂၀ ပြည့်နှစ်၌ စိုက်ပျိုးမှုအောက် ဟက်တာ ၄.၇၁ သိန်း လျော့ နည်းလျက် ယခုနှစ်၌ ဧရိယာဟက်တာ ၁၇၈.၂၄ သိန်းသာ စိုက်ပျိုးထားနိုင်သည်။ အလားတူ ဆီထွက်သီးနှံသည်လည်း ဟက်တာ ၁၉၆.၁၀ သိန်း စိုက်ပျိုးပြီးစီးခဲ့ရာ ယခင်နှစ်စိုက်ပျိုးနိုင်မှုကို ပြည့်မီခြင်းမရှိပဲ ဟက်တာ ၂.၇၂ သိန်းလျော့နည်းခဲ့သည်။ သို့ရာတွင် ကြံစိုက်ပျိုးမှုမှာ ယခင်နှစ်ထက် ဟက်တာ ၁.၁၀ သိန်းပိုမိုလျက် ဧရိယာဟက်တာပေါင်း ၅၅.၂၂ သိန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

        အိန္ဒိယနိုင်ငံရှိ နေရာဒေသအများအပြား၌ မိုးဦးကာလတွင် မိုးရေချိန် လျော့နည်းရရှိခဲ့ပြီး အနောက်တောင်မုတ်သုံလေမှာ ဆုတ်ခွါခဲ့ပြီဖြစ်သော်လည်း ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ မုတ်သုံမိုးရာသီ ကာလအတွင်း တစ်နိုင်ငံလုံးပျမ်းမျှမိုးရေချိန်မှာ ပုံမှန်အောက် ၁% ခန့် မျှသာ လျော့ကျလျက် ၈၇၄ မီလီမီတာရရှိပြီး ပြည်တွင်းရှိ အဓိကရေလှောင်တာတမံ ၁၃၀ ၌ ရေသိုလှောင်နိုင်မှုမှာ ၉၂% ခန့်ရရှိခဲ့သည်။ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီ၌ သီးနှံဖျက်ပိုးနှင့် ရောဂါပိုးမွှား ပြင်းထန်စွာကျရောက်ခြင်းမရှိကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ ဖော်ပြပါ သည်။

Source:         Rise in paddy, pulses area lifts kharif acreage to 1,121.81 lakh hectares, 2-10-2021, The Hindu Business Line

နေအေးလွင်

(စီးပွားရေးသံမှူး)