Main menu

Background

ဂျပန်နိုင်ငံမှ Unshu Mandarin လိမ္မော်သီးများ တင်ပို့မှုကန့်သတ်ချက်ကို ဗီယက်နမ်နိုင်ငံမှဖြေလျှော့ပေးခဲ့

Mon, 10/11/2021 - 15:23 -- journal_editor

            ဂျပန်နိုင်ငံသည် Unshu Mandarin လိမ္မော်သီးများကို ဗီယက်နမ်နိုင်ငံ၏သတ်မှတ်စံချိန်စံနှုန်းများနှင့်ကိုက်ညီမှုရှိသဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ တင်ပို့ခွင့်ပြန်လည်ရရှိမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံစိုက်ပျိုးရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

              အဆိုပါ တင်ပို့မည့်လိမ္မော်သီးများကို သတ်မှတ်ထားသည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရမည်ဖြစ်ပြီး လိမ္မော်သီးဖောက်ပိုးနှင့် အခြားသောပိုးမွှားများကင်းစင်ရန် စနစ်တကျစစ်ဆေးမှုများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ ဂျပန်နိုင်ငံမှ လိမ္မော်သီးတင်ပို့မှုတားမြစ်ထားမှုကို ဗီယက်နမ်မှဖြေလျှော့ပေးလိုက်သည့်အတွက် လာမည့်နှစ် လိမ္မော်သီးထွက်ရှိမည့်ရာသီတွင် ပိုမိုတိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ပထမဆုံးစတင်တင်ပို့မည့်နှစ်တွင် ကနဦး တန်ဖိုး ယန်း ၉ သန်းခန့်ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

           ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနသည် ဗီယက်နမ်သို့လိမ္မော်သီးတိုးမြှင့်တင်ပို့နိုင်ရန်အတွက် လိမ္မော်သီးစိုက်ပျိုးလိုသူများကို Plant Protection Station တွင် မြေယာမှတ်ပုံတင်ရန် တွန်းအားပေးဆောင်ရွက်နေပါသည်။ လိမ္မော်သီးစိုက်ပျိုးလိုသူများသည် ဗီယက်နမ်နိုင်ငံမှ သတ်မှတ်ထားသည့် ပိုးမွှားကင်းစင်စေရေးစိုက်ပျိုးနည်းစနစ်များနှင့်အညီ စိုက်ပျိုးရမည်ဖြစ်ပြီး လိမ္မော်သီးအရွယ် အစားခွဲခြားခြင်းနှင့် ထုပ်ပိုးခြင်းတို့တွင်လည်း သတ်မှတ်ထား သည့် ပစ္စည်းကိရိယာအသုံးအဆောင်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့အပြင် Citrus fruit အမျိုးအနွယ်ဝင်သစ်သီးဖောက်ပိုး ၈ မျိုးမပါရှိစေရန် စနစ်တကျပိုးသတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

              ယခုနှစ်တွင် Citrus fruit ပိုးသတ်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် လာမည့်နှစ် လိမ္မော်သီးထွက်ရှိမည့်ရာသီမှသာ စတင်တင်ပို့မည်ဟု ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာန၊ Plant Protection Station မှ ပြောရေးဆိုခွင့်ရှိသူအရာရှိမှ ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း Unshu orange တန်ချိန် ၉၈၁ တန်၊ တန်ဖိုးအားဖြင့် ယန်း ၅၁၈.၇ သန်း ရရှိခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များ အရသိရပါသည်။

ရင်းမြစ်။ The Japan Agriculture News

နန္ဒာဝင်း

(စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့