Main menu

Background

စက်တင်ဘာလဒုတိယလဝက်အတွင်း ဘရာဇီးလ်နိုင်ငံအလယ်ပိုင်း၏တောင်ဘက်ခြမ်းပြည်နယ်များတွင် သကြားထုတ်လုပ်မှု ၂၃.၃ ရာခိုင်နှုန်းကျဆင်း

Mon, 10/18/2021 - 12:56 -- journal_editor

       သကြားအများအပြားထုတ်လုပ်သည့် ဘရာဇီးလ်နိုင်ငံအလယ်ပိုင်း၏ တောင်ဘက်ခြမ်းဒေသများမှ စက်တင်ဘာလဒုတိယလဝက်အတွင်း သကြားကြိတ်ခွဲထုတ်လုပ်မှုသည် တန်ချိန် ၂.၁၉၈ သန်းဝန်းကျင် ထွက်ရှိနိုင်ရန်ခန့်မှန်း ထားပြီး တစ်နှစ်ထက်တစ်နှစ် ၂၃.၃ ရာခိုင်နှုန်း လျှော့ကျလျက်ရှိကြောင်း အောက်တိုဘာလ ၈ ရက်နေ့တွင်ထုတ်ဝေသည့် S&P Global Platts ၏ လေ့လာ တွေ့ရှိချက်စာစောင်တွင် ဖော်ပြထားသည်။

         သကြားထုတ်လုပ်မှုလျှော့ကျခြင်းသည် ကြံအဓိကစိုက်ပျိုးသည် နိုင်ငံအလယ်ပိုင်း၏တောင်ဘက်ပိုင်းဒေသများတွင် ကြံစိုက်ပျိုးရာသီ၌ မိုးရေချိန်ရရှိမှုလျှော့နည်းခဲ့ခြင်းကြောင့် ကြံအထွက်နှုန်းနှင့်အရည်အသွေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၎င်းပြည်နယ်များ၏ ကြံကြိတ်ခွဲရာသီသည် နိုဝင်ဘာလကုန်တွင်ပြီးဆုံးမည်ဖြစ်ကြောင်း သုတေသနစာစောင်တွင် ဖော်ပြထားသည်။

        ထို့အပြင် စက်တင်ဘာလ ဒုတိယလဝက်အတွင်း ကြံကြိတ်ခွဲချက်လုပ်ရာတွင် သကြား အထွက်နှုန်း(Total Recoverable Sugar- ATR)သည် ပျမ်းမျှ ကြံ ၁ တန်လျင် ၁၆၁.၁၈ ကီလိုဂရမ် ရှိခဲ့ရာမှ ၁၅၄.၉ ကီလိုဂရမ်သို့ ကျဆင်းခဲ့ကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ပျမ်းမျှသကြား အထွက်နှုန်းသည် ကြံ ၁ တန်လျင် ၁၅၂.၇၆ ကီလိုဂရမ်ထွက်ရှိကြောင်း သုတေသနတွေ့ရှိချက်တွင် ဖော်ပြထားသည်။

           ယခုနှစ် ဩဂုတ်လဒုတိယလဝက်ကာလအတွင်း သကြားချက်လုပ်မှုမှ သကြားတန်ချိန် ၃၄ သန်း ထုတ်လုပ်နိုင်ရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက သကြားထုတ်လုပ်မှုတွင် ၁၅.၉ ရာခိုင်နှုန်း လျှော့ကျခဲ့ကြောင်း၊ ယခုနှစ်ကြံရိတ်သိမ်းရာသီသည်လည်း ယခင်နှစ်များထက် အချိန်စောပြီးနိုင်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

        စက်တင်ဘာလဒုတိယလဝက်အတွင်း ကြံကြိတ်ခွဲမှုအခြေအနေအရ ၂၀၂၁-၂၀၂၂ ခုနှစ် ကာလအတွင်း ကြံတန်ချိန် ၄၆၄.၉၇ သန်းအား အသုံးပြုနိုင်ရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကာလတူကြံကြိတ်ခွဲမှုနှင့် နှိုင်းယှဉ်ပါက ၇.၃၅ ရာခိုင်နှုန်း လျှော့ကျခဲ့ကြောင်း၊ လောင်စာဆီဈေးကွက်တွင် ကြံမှထုတ်လုပ်သည့် အီတနောဇီဝလောင်စာ၏ ဈေးနှုန်းများမြင့်တက်နေမှုကလည်း သကြားထုတ်လုပ်မှုလျှော့ကျခြင်း အကြောင်းတစ်ရပ်ဖြစ်ကြောင်း လေ့လာတွေ့ရှိချက်စာစောင်တွင် ဖော်ပြထားသည်။

            စက်တင်ဘာလဒုတိယလဝက်ကာလအတွင်း အီသနောဈေးနှုန်းအား သကြားကုန်ကြမ်း ဈေးနှင့်နှိုင်းဆကြည့်ပါက သကြား ၁ ပေါင်လျင် အမေရိကန်ဒေါ်လာ ၁၈.၂၉ ဆင့်ရှိနေချိန်တွင် နယူးယောက်ကြိုပွိုင့်ဈေးကွက်တွင် သကြား ၁ ပေါင်လျင်အမေရိကန်ဒေါ်လာ ၁၉.၁၇ ဆင့် ဈေးနှုန်း ဖြစ်ပေါ်နေကြောင်း လေ့လာမှုစာတမ်းတွင် ဖော်ပြထားသည်။

         ကြံအထွက်နှုန်းကျဆင်းမှုနှင့် ကြံအရည်အသွေးကျဆင်းမှုများကြောင့် ယခုနှစ်အီသနော ထုတ်လုပ်မှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး စက်တင်ဘာလဒုတိယ လဝက်ကာလအတွင်း အီသနောလီတာ ၁.၀၈ ဘီလီယံ ထုတ်လုပ်နိုင်ရန်ခန့်မှန်းထားကြောင်း၊ ယခင်ကာလတူတွင် အက်သနောလီတာ ၇၈၀ သန်းထုတ်လုပ်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိချက် စာစောင်တွင် ဖော်ပြထားသည်။ 

             

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br