Main menu

Background

မိုးပိုမိုရွာသွန်းမှုကြောင့် မတ်ပဲနှင့်ပဲတီစိမ်း အထွက်လျော့ကျမည်ဟု အိန္ဒိယပဲကုန်သည်များက ခန့်မှန်းလျက်ရှိခြင်း

Tue, 10/26/2021 - 10:35 -- journal_editor

      အိန္ဒိယနိုင်ငံ၌ မိုးသီးနှံ မတ်ပဲနှင့်ပဲတီစိမ်းတို့အား အဓိကစိုက်ပျိုးထုတ်လုပ်သည့် ရာဂျပ် စတန်၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျရတ်၊ မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များတွင် စက်တင်ဘာ လနှင့် အောက်တိုဘာလများ၌ မိုးပိုမိုရွာသွန်းမှုကြောင့် စိုက်ခင်းများပျက်စီးပြီး အထွက်ပမာဏ လျော့ကျဖွယ်ရှိကြောင်း ပဲကုန်သည်များနှင့် ကြိတ်ခွဲထုတ်လုပ်များက ခန့်မှန်း လျက်ရှိကြပါ သည်။

       အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) မှ အတွင်းရေးမှူးဖြစ်သူ Mr. Sunil Sawla က ၂၀၂၁-၂၂ မိုးသီးနှံ မတ်ပဲထွက်ရှိနိုင်မှုမှာ ယခင်နှစ် စိုက်ပျိုးထွက်ရှိသည့် တန်ချိန် ၁.၆ သန်းအောက် ၂၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိကြောင်း၊ ရာဂျပ်စတန်နှင့် ဂူဂျရတ် ပြည်နယ်တို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတ်ပဲစိုက်ခင်းများစွာ ထိခိုက်ပျက်စီးခဲ့ရပြီး မည်မျှဆုံးရှုံးမှု ရှိသည်ကို လေ့လာစိစစ်ရန် လိုအပ်လျက်ရှိကြောင်း၊ ပဲတီစိမ်း စိုက်ခင်းများလည်း ပျက်စီးမှုရှိရာ ယခင်နှစ် မိုးပဲတီစိမ်းထုတ်လုပ်မှုပမာဏ တန်ချိန် ၁.၇ သန်းအောက် ၁၀ ရာခိုင်နှုန်းခန့် လျော့ နည်းထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း ပြောဆိုပါသည်။ အဆိုပါအသင်းမှ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Pradeep Ghorpade ကလည်း သီးနှံများ မျိုးစေ့ချ စိုက်ပျိုးဆဲကာလအတွင်း  ဇူလိုင် လလယ်မှ ဩဂုတ်လလယ်အထိ ခြောက်သွေ့သည့် အခြေအနေဖြစ်ပေါ်မှုက ၎င်းပဲများ စိုက်ပျိုးမှု ကို ထိခိုက်မှုရှိကြောင်း ပြောကြားပါသည်။

     အိန္ဒိယနိုင်ငံ၌ မိုးပဲတီစိမ်း စိုက်ပျိုးမှုအများဆုံးဖြစ်သော ရာဂျပ်စတန်ပြည်နယ်တွင် ယခု နှစ် မိုးလယ်ကာလ၌ မိုးရွာသွန်းမှုနည်းပါးခြင်းက စိုက်ပျိုးရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိ သည့်အပြင် မကြာသေးမီကာလ၌ မိုးပိုမိုရွာသွန်းမှုများကြောင့် စိုက်ပျိုးထားဆဲ ပဲတီစိမ်းသီးနှံများ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယမိုးလေဝသဌာန၏ ကိန်းဂဏန်းများအရ ယခုနှစ် စက်တင်ဘာလ အတွင်း ရာဂျပ်စတန်ပြည်နယ်၌ ပုံမှန်မိုးရေချိန်ထက် ၁၇၅% ၊ ဂူဂျရတ်ပြည်နယ်တွင် ၂၆၈% ၊ မဟာရဋ္ဌပြည်နယ်တွင် ၉၅% ၊ တဲလန်ဂါနာပြည်နယ်၌ ၇၈% နှင့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ၃၁% ပိုမိုခဲ့သည်။ အလားတူ အောက်တိုဘာလ ပထမ ရက် ၂၀ အတွင်း ရာဂျပ်စတန်၊ မဒ္ဒရာ ပရာဒေ့ရှ်နှင့် ဥတာပရာ‌ဒေ့ရှ် ပြည်နယ်တို့တွင် ပုံမှန်မိုးရေချိန်ထက် ၁၁၀% ၊ ၁၀၁% နှင့် ၁၉၇% အသီးသီး ပိုမိုခဲ့ကြောင်း တွေ့ရှိရသည်။

      Ahmedabad မြို့ရှိ Prakash Agro Mills ပဲခွဲစက်လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ Mr. Punit Bachhawat က ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မတ်ပဲနှင့် ပဲတီစိမ်း စိုက်ခင်း များ ထိခိုက်မှုရှိပြီး ပဲအထွက်နှုန်းမည်မျှရရှိနိုင်မည်ကို ခန့်မှန်း၍ မရကြောင်း၊ ရာဂျပ်စတန်၊ မဒ္ဒရာ ပရာဒေ့ရှ်၊ ဥတာပရာ‌ဒေ့ရှ်နှင့် ဂူဂျရတ် တို့ကဲ့သို့ မတ်ပဲအဓိကစိုက်ပျိုးသော ပြည်နယ် များ၌ အထွက်ပမာဏမှာ ယခင်နှစ်အောက် ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပြီး အရည် အသွေး ကျဆင်းမှုကိုလည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောဆိုပါသည်။ Chennai မြို့ အခြေ စိုက် Four P International ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ Mr. B Krishna Murthy ကလည်း စက်တင်ဘာ လအတွင်း မိုးများစွာရွာသွန်းမှုက ပြည်နယ်ဒေသအများပြား၌ မတ်ပဲသီးနှံစိုက်ခင်းများကို ထိခိုက် မှုဖြစ်ပေါ်စေသဖြင့် ယခုနှစ်တွင် အရည်အသွေး ကောင်းမွန်သည့် မတ်ပဲကုန်ကြမ်းများ ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားသည်။

      Indore မြို့ရှိ အိန္ဒိယပဲခွဲစက်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ Mr. Suresh Agarwal ကမူ မိုးနှောင်းရာသီကာလ မိုးရွာသွန်းမှုပိုမိုခြင်းကြောင့် မတ်ပဲစိုက်ပျိုးထုတ်လုပ်မှုကို ၂၀% ခန့် လျော့ ကျစေဖွယ်ရှိသော်လည်း ထိုသို့ မိုးရေချိန်ပိုမိုခြင်းက ဆောင်းသီးနှံများ စိုက်ပျိုးမှုကို အထောက် အပံ့ပြုမည်ဖြစ်ကြောင်းဖြင့် အပြုသဘော ပြောဆိုပါသည်။ IGrain India ဈေးကွက်သုတေသန လုပ်ငန်းမှ ပညာရှင် Mr. Rahul Chauhan က မိုးရွာသွန်းမှု များပြားခြင်းကြောင့် မတ်ပဲအထွက် ပမာဏကို ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ထိခိုက်ဖွယ်ရှိပြီး ထွက်ရှိလာမည့် ပဲများ၏ ၁၅ မှ ၃၅ ရာခိုင် နှုန်းသည်လည်း အရောင်အသွေးပျက်ယွင်းမှု ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းလျက်ရှိသည်။

      ၂၀၂၁-၂၂ မိုးသီးနှံစိုက်ပျိုးရေးကာလအတွင်း အိန္ဒိယနိုင်ငံတစ်ဝန်း၌ မတ်ပဲစိုက်ပျိုးထားရှိမှု မှာ ဟက်တာ ၃၈.၈၉ သိန်းရှိပြီး ယခင်နှစ်ထက် ဟက်တာ ၀.၅၇ သိန်း ပိုမိုခဲ့သည်။ သို့ရာတွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ပထမအကြိမ် မိုးသီးနှံအထွက်ပမာဏ ကြိုတင်ခန့်မှန်းချက်၌ ယခင်နှစ်ထွက်ရှိခဲ့သော မတ်ပဲတန်ချိန် ၁.၆ သန်းအား ကျော်လွန်လျက် တန်ချိန် ၂.၀၅ သန်း အထိ ထွက်ရှိရန် ခန့်မှန်းထားသည်။ ယခုနှစ် မိုးရာသီ၌ ပဲတီစိမ်းစိုက်ပျိုးထားရှိမှုမှာ ဟက်တာ ၃၅.၀၉ သိန်းရှိပြီး ယခင်နှစ်အောက် ဟက်တာ ၀.၁၁ သိန်း လျော့နည်းလျက်ရှိသည်။ အစိုးရက ယခုနှစ် ပဲတီစိမ်းထွက်ရှိနိုင်မှုအား ယခင်နှစ်ထက် တန်ချိန် ၀.၀၄ သန်းပိုမိုလျက် တန်ချိန် ၂.၀၅ သန်းအထိ ရရှိရန် ပထမအကြိမ် ခန့်မှန်းချက်၌ ဖော်ပြထားသည်။

      ကာနာတကာပြည်နယ်၌ မတ်ပဲသီးနှံများအား ရိတ်သိမ်းမှုမှာ မိုးပိုမိုရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသကဲ့သို့ ပြည်နယ်အတွင်း အဓိကစိုက်ပျိုးသည့် Kalaburgi ဒေသရှိ ပဲစင်းငုံ စိုက်ခင်းများမှာလည်း ရေနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရသည်။ သို့ရာတွင် နိုင်ငံတစ်ဝန်း လုံးကို ခြုံငုံ သုံးသပ်ပါက ပဲစင်းငုံစိုက်ပျိုးထားရှိမှုမှာ ကောင်းမွန်သည့် အခြေအနေရှိကြောင်း၊ မိုးဆက်လက် ပိုမို ရွာသွန်းခြင်းမရှိပါက အေးမြသည့် ရာသီဥတုအောက်တွင် ပဲစင်းငုံသီးနှံများ၏ အစေ့အိမ် တည်မှု ကောင်းမွန်ပြီး အထွက်ပမာဏ တန်ချိန် ၃.၈ သန်းမှ ၄ သန်းအထိ ရရှိရန် မျှော်မှန်းနိုင် ကြောင်းဖြင့် IPGA မှ အတွင်းရေးမှူး Mr. Sunil Sawla က ပြောကြားပါသည်။

Source:         Excess rains may shrink urad, moong output, 21-10-2021, The Hindu Business Line

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့