Main menu

Background

ပျားရည်အတုများကိုပစ်မှတ်ထား၍ တံဆိပ်ကပ်ဖော်ပြမှုဆိုင်ရာစည်းမျဉ်းသစ်ဖြင့်ဆောင်ရွက်သွားမည့်အီးယူ

Tue, 10/26/2021 - 12:50 -- journal_editor

           အီးယူဈေးကွက်သို့ ပျားရည်အတုများဝင်ရောက်နေမှုကို ရပ်တန့်နိုင်ရေးအတွက် လက်ရှိတံဆိပ်ကပ်ဖော်ပြမှုဆိုင်ရာ စည်းမျဉ်းများ (labelling rules) ကိုပြောင်းလဲသွားရန် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စိုက်ပျိုးရေး    ဝန်ကြီးများနှင့် ဥရောပကော်မရှင်၏ စိုက်ပျိုးရေးကော်မရှင်နာတို့အကြား ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် သဘောတူညီခဲ့ကြကြောင်းသိရသည်။ အီးယူသည် ပျားရည် ပြည်တွင်းစားသုံးမှု၏ (၆၀) ရာခိုင်နှုန်းကိုသာထုတ်လုပ်နိုင် သဖြင့် (၄၀) ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုနေပါသည်။

             ပျားရည်သည် မကြာခဏအားဖြင့် သတ်မှတ်စံချိန်စံညွှန်းများအား ပြည့်မီခြင်းမရှိဘဲ ထုတ်လုပ်နေသည့် စားသောက်ကုန်အဖြစ်တွေ့ရှိရပြီး၊ ကမ္ဘာ့ပျားရည်အများဆုံးထုတ်လုပ်သည့် နိုင်ငံများမှ အရည်အသွေးနိမ့်ပျားရည်များ အီးယူဈေးကွက်သို့ ဝင်ရောက်နေသည်ဟုဆိုကာ ယင်းမှာ အီးယူရှိ ပျားရည်လုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့်ယှဉ်ပြိုင်နိုင်စွမ်းအပေါ် ထိခိုက်စေသည်ဟု အီးယူ ပျားမွေးမြူထုတ်လုပ်သူများက ကာလရှည်ကြာ ထောက်ပြပြောဆိုလျက် ရှိကြောင်း၊ ပျားရည် ထုတ်လုပ်ရာတွင် သကြားရည် (sugar syrup) များဖြင့် ရောစပ်ထုတ်လုပ်ခြင်းသည် အီးယူ၏ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုမရှိသော်လည်း ယင်းကို ခြေရာခံရန် ခက်ခဲကြောင်း သိရပါသည်။

            အီးယူ၏ ပျားရည်ထုတ်ကုန်အတွက် တံဆိပ်ကပ်ဖော်ပြခြင်းဆိုင်ရာ လက်ရှိစည်းမျဉ်းများအရ အီးယူ၌ထုတ်လုပ်သည့်ပင်ရင်းနိုင်ငံ (country of origin) ကို ဖော်ပြရန်လိုအပ်ကြောင်း၊ သို့သော် မတူညီသည့်နိုင်ငံများမှ ပျားရည်များကို ရောနှော၍ ထုတ်လုပ်ထားခြင်းဖြစ်လျှင် စည်းမျဉ်းသည် တိကျမှုမရှိဘဲ “Blend of EU honeys” ၊ “Blend of non-EU honeys” ၊  “Blend of EU and non-EU honeys” ဟူ၍သာ ဖော်ပြရခြင်းဖြစ်ကြောင်း သိရပါသည်။

           ရောနှောပျားရည် (Honey Mixture) နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းရှင်းလင်းလင်း တံဆိပ် ကပ်ဖော်ပြရန် တိုက်တွန်းမှုကို ပြင်သစ်၊ ပေါ်တူဂီနှင့် ဆလိုဗေးနီးယားနိုင်ငံတို့က ဉီးဆောင်ခဲ့ကြ ကြောင်း၊ လက်ရှိအီးယူ ကောင်စီ၏ အလှည့်ကျဉက္ကဌ အဖြစ်ဆောင်ရွက်နေသည့် အပျော်တမ်းပျားမွေးမြူသူအများအပြားရှိသော ဆလိုဗေးနီးယားနိုင်ငံက အဆိုပါကိစ္စရပ်အား တွန်းအားပေး ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ အီးယူ၏ စိုက်ပျိုးရေးဆိုင်ရာကော်မရှင်နာဖြစ်သူ Janusz Wojciechowski က ပျားရည်အတွက် labelling rules  ပြင်ဆင်ရန်လိုအပ်ချက်ကို အသိအမှတ်ပြုခဲ့ကြောင်းနှင့် အီးယူအဖွဲ့ဝင်နိုင်ငံအများစုကလည်း ယင်းကို ထောက်ခံကြကြောင်း ဆလိုဗေးနီးယား စိုက်ပျိုးရေးဝန်ကြီး Jože Podgoršek က ပြောကြားခဲ့ပါသည်။ ဥရောပကော်မရှင် အနေဖြင့် ပျားရည်ဆိုင်ရာ Revised Draft Directive အတွက် ပြင်ဆင်ဆောင်ရွက်ရန် အစီအမံများထားရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားပါသည်။

            ဆလိုဗေးနီးယားနိုင်ငံအနေဖြင့် ရောနှောပျားရည်များကို တံဆိပ်ကပ်ဖော်ပြရာ၌ ၎င်းပျားရည်များကို ထုတ်လုပ်သည့် ပင်ရင်းနိုင်ငံတစ်နိုင်ငံချင်းစီကို ဖော်ပြစေလိုခြင်းဖြစ်ကြောင်း၊ ပျားရည်ကို ရောစပ်ထုတ်လုပ်ရာတွင် ထုတ်လုပ်သည့်နိုင်ငံတစ်ခုချင်းစီ၏ ပျားရည်အချိုးအစား မည်မျှပါဝင်သည်ကို တံဆိပ်ကပ်ဖော်ပြရန် အီးယူနိုင်ငံအချို့ကလိုလားကြောင်း၊  ဆလိုဗေးနီးယား စိုက်ပျိုးရေးဝန်ကြီး Jože Podgoršek ကပြောကြားခဲ့ပါသည်။ ပျားရည် အတွက် labelling rules ပြင်ဆင်ရေးအဆိုပြုချက်ကို ၂၀၂၂ ခုနှစ်အစောပိုင်းတွင် အပြီးသတ်ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း သိရပါသည်။

Source -   https://www.politico.eu/ 

(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး)