Main menu

Background

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၃.၄ သန်း တင်ပို့နိုင်ရန် ခန့်မှန်း

Thu, 10/28/2021 - 09:46 -- journal_editor

                   ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၄.၇ သန်းအား ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၃ သန်းမှ ၃.၄ သန်းအထိ တင်ပို့သွားနိုင်ရန် ခန့်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ၂.၁၇ သန်း တင်ပို့ ခဲ့ကြောင်း National Association of Cereal Exporters (ANEC)၏ အပတ်စဉ်ထုတ်ဝေသည့် လယ်ယာပို့ကုန် သုတေသနစာစောင်တွင် ဖော်ပြခဲ့သည်။

              အောက်တိုဘာလ တတိယနှင့်စတုတ္ထအပတ်များတွင် ပဲပုတ်စေ့တန်ချိန် ၅၀၉,၉၇၀ တန်နှင့် ၉၄၄,၉၆၀ တန်တို့အား အသီးသီးတင်ပို့ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလကုန် အထိ ပဲပုတ်စေ့တန်ချိန် ၈၂.၃၇ သန်းအား တင်ပို့သွားနိုင်ရန်မျှော်မှန်းထားကြောင်း သုတေသနစာစောင် တွင် ဖော်ပြထားသည်။

              ထို့အပြင် အောက်တိုဘာလအတွင်း ပဲပုတ်စေ့စားသောက်ကုန်တန်ချိန် ၁.၃၄ သန်းအား တင်ပို့သွားရန်ခန့်မှန်းထားပြီး ယခင်နှစ်ကာလတူက တန်ချိန် ၁.၃၃ သန်းအား တင်ပို့ခဲ့ကြောင်း၊ ယခုနှစ် စက်တင်ဘာလတွင် တန်ချိန် ၁.၄၆ သန်းအား တင်ပို့ထားကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ချိန်တွင် တန်ချိန် ၁၄.၁ သန်းအား တင်ပို့နိုင်ရန်ခန့်မှန်းထားကြောင်း အသင်း၏ သုသေတနစာစောင်တွင် ဖော်ပြ ထားသည်။

              ဘရာဇီးလ်နိုင်ငံတွင် ပဲပုတ်စေ့အများဆုံးစိုက်ပျိုးထွက်ရှိသည့် Rio Grande (RS) ပြည်နယ်မှ စက်တင်ဘာလအတွင်းပဲပုတ်စေ့တန်ချိန် ၁.၄၁၉ သန်းအား ပြည်ပတင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ တင်ပို့မှုထက် ၁၁ ရာခိုင်နှုန်း ပိုမိုတင်ပို့ခဲ့ကြောင်း၊ Paranaguá (PR) ဆိပ်ကမ်းမှ ပဲပုတ်စေ့တန်ချိန် ၁.၀၉၄ သန်း၊ Maranhao ပြည်နယ် São Luiz ဆိပ်ကမ်းမှ ပဲပုတ်စေ့တန်ချိန် ၇၆၀,၀၀၀ တန်နှင့် Santos (SP)ဆိပ်ကမ်းမှ ၂၁၉,၃၀၀ တန်တို့အား အသီးသီးတင်ပို့ခဲ့ကြောင်း သတင်းတွင်ဖော်ပြထား သည်။

              ပဲပုတ်စေ့အပြင် တရိစ္ဆာန်အစာကုန်ကြမ်းဖြစ်သည့် ပဲပုတ်စေ့အခွံတင်ပို့မှုတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း Santos (SP) ဆိပ်ကမ်းမှ တန်ချိန် ၄၇၂,၅၀၀ တန်ဖြင့် အများဆုံးတင်ပို့ခဲ့ ကြောင်း၊ Paranaguá (PR) ပြည်နယ်မှ ဒုတိယအများဆုံးတင်ပို့ခဲ့ပြီး တန်ချိန် ၃၅၀,၆၀၀ တန်အား တင်ပို့ခဲ့ကြောင်း၊ Rio Grande (RS) ပြည်နယ်မှ တန်ချိန် ၂၈၆,၇၀၀ တန်အား တင်ပို့ခဲ့ကြောင်း အသင်း၏ သုတေသနစာစောင်တွင် ဖော်ပြထားသည်။

 

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br