Main menu

Background

အိန္ဒိယနိုင်ငံ၌သဘာဝရော်ဘာတင်သွင်းမှုတိုးမြင့်ဖွယ်ရှိခြင်း

Thu, 10/28/2021 - 11:07 -- journal_editor

        အိန္ဒိယနိုင်ငံ၌ ရော်ဘာအများဆုံးစိုက်ပျိုးထုတ်လုပ်ရာ ကီရာလာပြည်နယ်၌ မိုးရွာသွန်းမှုများပြားလျက်ရှိခြင်းက အစေးခြစ်လုပ်ငန်းဆောင်ရွက်မှုများကို နှောင့်နှေးမှုဖြစ်ပေါ်စေပြီး ယခုနှစ် အောက်တိုဘာလနှင့်နိုဝင်ဘာလများ အတွင်း သဘာဝရော်ဘာထုတ်လုပ်မှုမှာ ကျဆင်းမည့်အခြေအနေရှိပါသည်။

          အိန္ဒိယရော်ဘာဖြန့်ချီရေးလုပ်ငန်းရှင်များအသင်းချုပ်၏ ဥက္ကဋ္ဌ Mr. George Valy က ကီရာလာပြည်နယ်၌ ယခင်လကတည်းကပင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်းများ၌ အနှောင့် အယှက်များဖြစ်ပေါ်ခဲ့ရကြောင်း၊ သို့ဖြစ်ရာ စက်တင်ဘာလအတွင်း သဘာဝရော်ဘာထုတ်လုပ်နိုင်မှုနှင့်နှိုင်းယှဉ်ပါက အောက်တိုဘာလတွင် သိသာစွာလျော့နည်းမည်ဟု ခန့်မှန်းရကြောင်း၊ ထို့အပြင် အရှေ့မြောက်မုတ်သုန်လေများ တိုက်ခတ်မှု နှင့်အတူ မိုးများသည်းထန်စွာရွာသွန်းနေမှုက သဘာဝရော်ဘာထုတ်လုပ်မှုကို နိုဝင်ဘာလအထိ ဆက်လက်ကျဆင်းစေဖွယ်ရှိကြောင်းဖြင့် ၂၅-၁၀-၂၀၂၁ နေ့၌ ပြောကြားပါသည်။

          ရော်ဘာဖြန့်ချီရေးလုပ်ငန်းရှင် Mr. N. Radhakrishnan ကလည်း မိုးများသည်းထန်စွာရွာသွန်းမှုက ပင်စည်၏ပတ်လည်၌ ပလတ်စတစ်မိုးကာ တပ်ဆင်ထားသည့် ရော်ဘာပင်များမှ အ‌စေးခြစ်ယူရန်အတွက်ပင် ခက်ခဲမှုရှိပြီး လုပ်သားအင်အားလုံလောက်မှုမရှိသဖြင့် သွင်းအားစုဆိုင်ရာကန့်သတ်ချက် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုပိုင်းနှောင့်နှေးခြင်းက မော်တော်ကားတာယာ ထုတ်လုပ်သည့်လုပ်ငန်းများအား ပိုမိုဈေးသက်သာသည့် ပြည်ပမှ သဘာဝရော်ဘာများ တင်သွင်းလာစေရန် တွန်းအားပေးလျက်ရှိကြောင်းဖြင့် ပြောဆိုပါသည်။ ကီရာလာပြည်နယ် ၌ အောက်တိုဘာလအတွင်း မိုးရွာသွန်းမှုမှာ ပုံမှန်ထက်ပိုမို၍ ၁၁၇% ရရှိထားပြီးဖြစ်ပါသည်။

          သဘာဝရော်ဘာ ထုတ်လုပ်သည့်နိုင်ငံများအဖွဲ့ (ANRPC) ၏ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုမှာ တန်ချိန် ၆၇၀၀၀ ခန့်ရှိ ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည်ဆည်းရန်အတွက် တန်ချိန် ၄၆၀၀၀ ခန့်ကို ပြည်မှတင်သွင်းခဲ့ကြောင်း၊ ၎င်းပမာဏသည် ဩဂုတ်လ၌ တင်သွင်းမှုထက် တန်ချိန် ၅၅၀၀ ခန့်ပိုမိုခဲ့ကြောင်း သိရှိရသည်။ လက်ရှိကာလတွင် မော်တော်ယာဉ်များ၌ထည့်သွင်း အသုံးပြုရသည့် အီလက်ထရွန်းနစ် ချစ်ပ် (chip) များ ပြတ်လပ်မှုကြောင့် အိန္ဒိယပြည်တွင်း မော်တော်ယာဉ်ထုတ်လုပ်သည့်လုပ်ငန်းတွင် တာယာထုတ်လုပ်မှုမှာ အင်အားပြည့်လုပ်ကိုင်မှု မရှိသော်လည်း အောက်တိုဘာလအတွက် သဘာဝရော်ဘာတင်သွင်းမှု မှာ တန်ချိန် ၅၀၀၀၀ အထိ မြင့်တက်နိုင်ကြောင်း Mr. George Valy က ပြောဆိုပါသည်။

           ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၌ သဘာဝရော်ဘာထုတ်လုပ်မှု တန်ချိန် ၇.၉ သိန်း နှင့် သုံးစွဲမှုတန်ချိန် ၁၁.၉ သိန်းခန့်ရှိမည်ဟု အိန္ဒိယရော်ဘာလုပ်ငန်းကြီးကြပ်မှုအဖွဲ့ (Rubber Board) က ခန့်မှန်းထားရာ တန်ချိန်     ၄သိန်းခန့်အား ပြည်ပမှ တင်သွင်းရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်ပမှသဘာဝရော်ဘာ များပြားစွာတင်သွင်းရမှုကို ရှောင်ကြဉ်နိုင်ရန်အတွက် ထုတ်လုပ်မှုနှင့်သုံးစွဲမှုအကြား ကွာဟချက်နည်းပါးစေရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မော်တော်ယာဉ်တာယာနှင့်တာယာမဟုတ်သော ရော်ဘာအသုံးပြုလုပ်ငန်းများမှာတိုးတက်လျက်ရှိရာ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် Rubber Board က အဆိုပြုထားသည့် ကာလရှည်နှင့်ကာလတိုမဟာဗျူဟာများကို အကောင်အထည်ဖော် လုပ်ဆောင်ကြရန်လိုကြောင်းဖြင့် အဆိုပါကြီးကြပ်မှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Mr. KN Raghavan က တိုက်တွန်းပြောဆိုထားသည်။

           အိန္ဒိယ Rubber Board သည် ပြည်တွင်း၌ သဘာဝရော်ဘာ လုံလောက်စွာ ထုတ်လုပ် နိုင်ရေး ကာလရှည်စီမံချက်အဖြစ် နိုင်ငံ၏အရှေ့မြောက်ဘက်ဒေသများတွင် စိုက်ခင်းသစ်များ တိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် မတ်လကုန်အထိ တောင်သူ ၅၀၀၀၀ အား ကွင်းဆင်းမှုနှင့် ဗွီဒီယိုကွန်ဖရင့်စနစ်များဖြင့် ထိတွေ့လျက် နည်းပညာပေးသင်တန်းများ ပို့ချခြင်းကို ကာလတို အစီအမံအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ၏ လုပ်ငန်းအစီအမံများတွင် အိန္ဒိယမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (ATMA) ကလည်း ရော်ဘာစိုက်ခင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက်မှု ရန်ပုံငွေ အစီအစဉ်ဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရပါသည်။

Source:         1. India's rubber output dented by heavy rains in Kerala, to lift imports, 25-10-2021, Economic Times

                   2. Raise domestic natural rubber output to curb imports, 25-10-2021, The Hindu Business Line

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊နယူးဒေလီမြို့