Main menu

Background

ဥရောပ၌ ကုန်တင်လုပ်ငန်းဆိုင်ရာ အကောင်းဆုံးလေဆိပ်အဖြစ် ရပ်တည်ခဲ့သည့် ဘရပ်ဆဲလ်လေဆိပ်

Mon, 11/01/2021 - 12:34 -- journal_editor

          ဘယ်လ်ဂျီယံနိုင်ငံရှိ ဘရပ်ဆဲလ်လေဆိပ်သည် ၂၀၂၁ ခုနှစ်တွင် ဥရောပ၏ကုန်တင်လုပ်ငန်းဆိုင်ရာအကောင်းဆုံးလေဆိပ်အဖြစ် အမည်စာရင်းဝင်ခဲ့ကြောင်းသိရပါသည်။ ထောက်ပံ့သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့် လေဆိပ်များ၊ ပင်လယ်ဆိပ်ကမ်းများ နှင့်အခြားထောက်ပံ့သယ်ယူရေးလုပ်ငန်းများအတွက် Asian Freight, Logistics and Supply Chain (AFLAS) ဆုကို Asia Cargo News မှ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ယခုနှစ်အတွက် ဘရပ်ဆဲလ်လေဆိပ်က ဥရောပ၏အကောင်းဆုံးလေဆိပ်ဆုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။

        ပြီးခဲ့သည့်နှစ်များအတွင်း ဘရပ်ဆဲလ်လေဆိပ်အနေဖြင့် လေကြောင်းလိုင်း၊ သင်္ဘောလိုင်းနှင့်ကုန်စည်ပို့ဆောင်သူများအတွက် ကုန်တင်လုပ်ငန်းပိုင်းပိုမိုတိုးတက်လာစေရန်ဝန်ဆောင်မှုများ၊ အထောက်အကူပြုပစ္စည်းများနှင့် ပြည်တွင်းရှိကုန်တင်လုပ်ငန်းအသိုက်အဝန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းကာလအတွင်း ကာကွယ်ဆေးများကို ပထမဆုံးသယ်ယူပို့ဆောင်သည့်လေဆိပ်အဖြစ် ဂုဏ်ယူစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ဘရပ်ဆဲလ်လေဆိပ်၏ ကုန်တင်လုပ်ငန်းများလည်ပတ်မှုသည် တိုးတက်လျက်ရှိပြီး၊ ဒစ်ဂျစ်တယ်နည်း၊ ဆန်းသစ်တီထွင်မှုတို့ဖြင့် ကုန်တင်ဇုန်လည်ပတ်မှုများကို ဆက်လက်တိုးတက်အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘရပ်ဆဲလ်လေဆိပ်၏ Cargo & Logistics ဒါရိုက်တာဖြစ်သူ Geert Aerts က ပြောကြားခဲ့သည်ဟု သိရပါသည်။

       ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်လေဆိပ်သည် ဥရောပ၏ အကောင်းဆုံးလေဆိပ်ဆုအား နယ်သာလန်နိုင်ငံ၏ Schiphol လေဆိပ်၊ ဂျာမနီနိုင်ငံ၏ Frankfurt လေဆိပ်နှင့် ပြင်သစ်နိုင်ငံ၏ Paris-Charles de Gaulle (Paris CDG) လေဆိပ်တို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ World Travel Awards မှ ပေးအပ်သည့် ဥရောပ၏ထိပ်တန်း လေကြောင်းလိုင်းနားနေခန်း (Europe’s Leading Airline Lounge 2021) ဆုကိုလည်း ဘရပ်ဆဲလ်လေဆိပ်၏ THE LOFT lounge မှ ရရှိခဲ့ကြောင်း သိရပါသည်။

ရင်းမြစ် -   https://www.brusselstimes.com

(ကျော်စိန်ဝင်း)

စီးပွားရေးသံမှူး