Main menu

Background

အီးယူ၏ Farm to Fork Strategy တွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်နှင့်တိရစ္ဆာန်သက်သာချောင်ချိရေးတို့ကို ဥရောပပါလီမန်ကအလေးထား

Mon, 11/01/2021 - 12:41 -- journal_editor

      ဥရောပပါလီမန်သည် အီးယူ၏ စိုက်ခင်းမှသည်စားပွဲဆီသို့ မဟာဗျူဟာ (Farm to Fork Strategy) ဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို ၂၀-၁၀-၂၀၂၁ ရက်စွဲဖြင့် ချမှတ်ခဲ့ပြီး၊ ယင်းတွင် သင့်တင့် မျှတ၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်သည့် စားသောက်ကုန် စနစ်တစ်ရပ်ကို ပါလီမန်က တောင်းဆိုထားကြောင်း သိရပါသည်။

           ဥရောပပါလီမန်သည် အီးယူ၏ Farm to Fork Strategy ကို ကြိုဆိုခဲ့သည့်နည်းတူ ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲများ၊ လေထုညစ်ညမ်းမှုမရှိစေရေး (zero pollution)၊ ပြည်သူ့ကျန်းမာရေး စသည်တို့အပါအဝင် European Green Deal ၏ ရည်မှန်းချက်များ ရရှိစေရေးအတွက် ရေရှည်တည်တံ့၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ ထုတ်လုပ်မှု၏ အရေးပါမှုကိုလည်း အလေးပေးဖော်ပြထားကြောင်း သိရပါသည်။

        ဥရောပပြည်သူအများစု၏ အစားအသောက်များသည် ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးမှု အကြံပြုချက်များနှင့်ကိုက်ညီခြင်းမရှိကြောင်း၊ ထို့ကြောင့် စားသောက်ကုန်၏မျက်နှာစာတွင် မဖြစ်မနေဖော်ပြရမည့် အာဟာရဆိုင်ရာ ဖော်ပြချက် (EU front-of-pack nutritional label) အပါအဝင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များအတွက် သိပ္ပံနည်းအခြေပြု အကြံပြုချက်များကိုလည်း ပါလီမန်၏ဆုံးဖြတ်ချက်တွင် ထည့်သွင်းဖော်ပြ ထားကြောင်း၊ ဟင်းသီးဟင်းရွက် နှင့် သက်သက်လွတ်စားသောက်ကုန်များအတွက် တံဆိပ်ကပ်ဖော်ပြမှု (labeling) ကိုလည်း မြန်ဆန်စွာဆောင်ရွက်ရန် တောင်းဆိုထားကြောင်း သိရပါသည်။

    လတ်ဆတ်သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ နှံစားသီးနှံများ၊ ပဲအမျိုးမျိုး စသည့် ဒေသတွင်း၌ ရေရှည်တည်တံ့မှုနည်းဖြင့် စိုက်ပျိုးထုတ်လုပ်သော အပင်နှင့်အပင်အခြေပြုစားသောက် ကုန်များအားစားသုံးမှု မြှင့်တင်ခြင်းအပါအဝင် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်မှု ပုံစံဆီသို့ ‌လူဉီးရေတစ်ရပ်လုံး ကူးပြောင်းရန် လိုအပ်ကြောင်း၊ ထို့အပြင် အသား၊ ပြုပြင်ထုတ်လုပ် ထားသောထုတ်ကုန်များ၊ သကြား၊ ဆားနှင့်အဆီ မြင့်မားစွာပါဝင်သော ထုတ်ကုန်များအား အလွန်အကျွံစားသုံးခြင်းကို ဖြေရှင်းရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် တိရစ္ဆာန်သက်သာချောင်ချိရေးတို့ကို ကောင်းကျိုးရရှိစေနိုင်ပြီး ပို၍ ကြံ့ကြံ့ခံနိုင်သော စီးပွားရေးပုံစံကိုလည်း ဖြစ်ပေါ်စေနိုင်မည်ဟု ဆိုသည်။

        ဥရောပပါလီမန်၏ ယင်းဆုံးဖြတ်ချက်တွင် ဇီဝလောင်စာအခြေပြု ပြန်ပြည့်မြဲစွမ်းအင်အတွက် တင်းကျပ်သော စံနှုန်းများအပါအဝင် ပိုးသတ်ဆေးအသုံးပြုမှုလျှော့ချရေး၊ စိုက်ပျိုးရေး လုပ်ငန်းနှင့်ဆက်စပ်မြေအသုံးပြုမှုများမှ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လုပ်မှု လျှော့ချရေးရည်မှန်းချက်များကိုလည်း တောင်းဆိုထားကြောင်း သိရပါသည်။

      တိရစ္ဆာန်သက်သာချောင်ချိရေးဆိုင်ရာ တည်ဆဲဥပဒေများ အကောင်အထည်ဖော်ရာတွင် အီးယူအဖွဲ့ဝင်နိုင်ငံများက လေးစားလိုက်နာမှုရှိစေရေးနှင့် လိုအပ်ပါက အဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေဆိုင်ရာကွာဟချက်များ လျှော့ချရန်နှင့် တိရစ္ဆာန်သက်သာချောင်ချိမှုဆိုင်ရာ မြင့်မားသော စံချိန်စံညွှန်းများချမှတ်ရန် အရေးကြီးကြောင်း ပါလီမန်၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားပါသည်။

         တိရစ္ဆာန်သက်သာချောင်ချိမှုဆိုင်ရာ စံချိန်စံညွှန်းများကို Non-EU နိုင်ငံများက လေးစား လိုက်နာမှု ရှိစေရေး ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း၊ အထူးသဖြင့် တိရစ္ဆာန်ထုတ်ကုန်များ တင်သွင်းရာတွင် ယင်းအချက်သည် အရေးကြီးကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိရစ္ဆာန်များကို သယ်ယူပို့ဆောင်ရာ၌ အကာအကွယ်ပေးမှုဆိုင်ရာ လမ်းညွှန်ချက်များကိုလိုက်နာ အကောင်အထည်ဖော်ရန်လည်းလိုအပ်ကြောင်း၊ တိရစ္ဆာန်များကို အီးယူပြင်ပသို့ သယ်ယူပို့ဆောင်ရာတွင်လည်း အီးယူ၏ တိရစ္ဆာန်သက်သာချောင်ချိမှုဆိုင်ရာ စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း သိရပါသည်။

     အီးယူ၌ တိရစ္ဆာန်များကို မွေးမြူရာတွင် လှောင်အိမ်များအသုံးပြုမှုကို တစ်ဆင့်ချင်းဖယ်ရှားနိုင်ရေး legislative proposal တစ်ရပ်ကို တင်သွင်းရန် ဥရောပကော်မရှင်သို့ ထပ်မံတောင်းဆိုထားကြောင်း၊ တိရစ္ဆာန် သက်သာချောင်ချိရေးဆိုင်ရာ အသင်းအဖွဲ့များ၏အဆိုအရ ဥရောပ၌ နှစ်စဉ် မွေးမြူရေး တိရစ္ဆာန်အရေအတွက် သန်း (၃၀၀) ကျော်သည် ၎င်းတို့၏ နေထိုင်ရှင်သန်မှုကာလ အားလုံး (သို့မဟုတ်) အများအပြားကို လှောင်အိမ်များ အတွင်း၌သာ ကုန်ဆုံးကြရကြောင်း၊ ယင်း ကြောင့် တိရစ္ဆာန်များသည် ဒုက္ခကြီးစွာခံစားရပြီး၊ ရောဂါကူးစက်ပြန့်ပွားမှုကို ဖြစ်စေနိုင်ကြောင်း၊ ထိုသို့ မွေးမြူသည့်အလေ့အထမှ ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် တိရစ္ဆာန်ကျန်းမာရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာ စံချိန်စံညွှန်းများမြင့်မားရေးကို မြှင့်တင်ပေးနိုင်မည့် အလားအလာရှိပြီး၊ ရောဂါ ကူးစက်မှုများကိုလည်း သိသာစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ် -   https://www.brusselstimes.com/

(ကျော်စိန်ဝင်း)

စီးပွားရေးသံမှူး