Main menu

Background

နယ်သာလန်နိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် မွေးမြူရေး ကြက်/ဘဲများအား ထိန်းချုပ်ထားရှိရန် ညွှန်ကြားချက်ထုတ်ပြန်

Mon, 11/01/2021 - 12:45 -- journal_editor

               နယ်သာလန်နိုင်ငံ၊ Flevoland ပြည်နယ်ရှိ အော်ဂဲနစ်ကြက်မွေးမြူရေးခြံတစ်ခု၌ ကူးစက်မြန်ကြက်ငှက်တုပ်ကွေးမျိုးကွဲတစ်မျိုး ကူးစက်ပြန့်ပွားမှုကြောင့် နယ်သာလန်ရှိ ကြက်/ဘဲ မွေးမြူသူများအနေဖြင့် ၎င်းတို့၏ ကြက်/ငှက်/ဘဲများကို ခြံအတွင်း၌သာ ထိန်းချုပ်ထားရှိရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရပါသည်။

          ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် Zeewolde ကြက် မွေးမြူရေးခြံမှ ကြက်ကောင်ရေ (၃၆၀၀၀) ခန့်အား သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ နယ်သာလန်နိုင်ငံ မြောက်ပိုင်းဒေသ၌ တောရိုင်းငှက်များသေဆုံးမှုအရေအတွက်မြင့်တက်လာခြင်းနှင့် ဂျာမနီနိုင်ငံတွင်လည်း ငှက်များသေဆုံးမှုရှိနေခြင်းတို့ကြောင့် မွေးမြူသည့် ကြက်/ငှက်/ဘဲများကို ခြံအတွင်း၌သာ ထိန်းချုပ်ထားရှိရန် ညွှန်ကြားချက်အား နယ်သာလန်နိုင်ငံ အိမ်စောင့်အစိုးရ၏ စိုက်ပျိုးရေးဝန်ကြီးဖြစ်သူ Carola Schouten က ချက်ချင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ 

                ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရသည့် ကြက်ခြံနှင့် သုံးကီလိုမီတာအကွာအဝေးတွင် အခြားကြက်ခြံ (၆) ခုလည်းရှိနေသဖြင့် အဆိုပါကြက်ခြံများမှ ကြက်များအား ကြက်ငှက်တုပ်ကွေး ရောဂါစစ်ဆေးလျက်ရှိကြောင်းနှင့် ၎င်းခြံများရှိ ကြက်များ၊ ကြက်ဥများ၊ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများ နှင့် အစာများသယ်ယူပို့ဆောင်မှုကို ပိတ်ပင်ထားကြောင်း သိရပါသည်။

          မွေးမြူရေးကြက်/ဘဲများအား  ခြံအတွင်း၌သာ ထိန်းချုပ်ထားရှိစေခြင်းဖြင့် တောရိုင်းငှက်များမှတစ်ဆင့် အဆိုပါကြက်ငှက်တုပ်ကွေးရောဂါသည် အခြားကြက်ခြံများသို့ ကူးစက်နိုင်ခြင်းမရှိစေရန် နယ်သာလန်အစိုးရ တာဝန်ရှိသူများက မျှော်လင့်ထားကြောင်း၊ တိရစ္ဆာန်ရုံများနှင့် ဝါသနာအရ ငှက်မွေးမြူသူများအနေဖြင့်လည်း ၎င်းတို့၏ငှက်များအား တောရိုင်းငှက်များ/ငှက်ချေးများ စသည်တို့နှင့် ထိတွေ့မှုမရှိစေရေး ထိန်းသိမ်းထားရှိရန် လိုအပ်ကြောင်းလည်း သိရပါသည်။

ရင်းမြစ် -   https://www.dutchnews.nl/ 

(ကျော်စိန်ဝင်း)

စီးပွားရေးသံမှူး