Main menu

Background

သက်တမ်းတို ပဲစင်းငုံမျိုးစိတ်အား အိန္ဒိယနိုင်ငံရှိ ပြည်နယ်များစွာ၌ တိုးချဲ့စိုက်ပျိုးလာခြင်း

Mon, 11/01/2021 - 12:51 -- journal_editor

  အိန္ဒိယနိုင်ငံ၌၂၀၁၈ ခုနှစ်မိုးသီးနှံရာသီမှစတင်၍ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရန်ခွင့်ပြုခဲ့သော ပူစာအာဟာ-၁၆ (Pusa Arhar-16) ဟုအမည်ပေးထားသည့်သက်တမ်းတို ပဲစင်းငုံမျိုးစိတ်အသစ်အား ပြည်နယ်များစွာတွင် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရှိရပါသည်။

     ဥတာပရာဒေ့ရှ်ပြည်နယ် Amethiခရိုင်၌ ၁၉၉၀ ပြည့်နှစ်ကတည်းကပဲစင်းငုံစိုက်ပျိုးမှုကိုလုပ်ကိုင်ခဲ့သော တောင်သူတစ်ဦးဖြစ်သူ Mr. Anant Bahadur Singhသည်အိန္ဒိယစိုက်ပျိုးရေးသုတေသနသိပ္ပံ(IARI)မှ ထုတ်လုပ်သည့် အဆိုပါ ပူစာအာဟာ-၁၆မျိုးသစ်အား ၂၀၁၈ ခုနှစ်ကပင်စိုက်ပျိုးခဲ့ကြောင်း၊ ၎င်း၏အဆိုအရအခြားမျိုးစိတ်များအား စိုက်ပျိုးရာတွင်သီးနှံရင့်မှည့်ရန် ၁၆၅ ရက်မှ ၁၉၀ ရက်အထိအချိန်ကြာမြင့်မှုရှိသော်လည်း ယခုပဲစင်းငုံမျိုးစိတ်သည် စတင်စိုက်ပျိုးချိန်မှရက်ပေါင်း ၁၂၀ ခန့်တွင်ရင့်မှည့်မှုရှိသည်ကိုတွေ့ရှိရကြောင်း၊ Mr. Singh သည်လွန်ခဲ့သော ၂ နှစ်ကာလအတွင်း ပူစာအာဟာ-၁၆ပဲစင်းငုံမျိုးကိုမိုးသီးနှံရာသီကာလ ဇွန်-ဇူလိုင် လများတွင် စိုက်ပျိုးလျက် အောက်တိုဘာ-နိုဝင်ဘာလများ၌ ရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ သီးနှံသက်တမ်းတိုတောင်းခြင်းက ဆောင်းသီးနှံများဖြစ်သော ဂျုံနှင့် ဆီမုံညင်းတို့အား အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် အထောက်အကူဖြစ်ခဲ့ကြောင်း၊ အခြားသော ပဲစင်းငုံမျိုးစိတ်များဖြစ်သည့် Pusa-991, 992, 2001, 2002စသည်တို့၏ အထွက်နှုန်းမှာ ဧရိယာ ၁ ဟက်တာလျှင် ၁.၅ တန်မှ ၁.၈ တန်အထိသာ ရရှိသော်လည်း Pusa Arhar-16မျိုးစိတ်ကမူ၁ ဟက်တာလျှင်ပဲ ၂ တန်ကျော်အထိ ထွက်ရှိခဲ့ကြောင်း၊ လက်ရှိကာလတွင်Mr. Singh သည်ဥတာပရာဒေ့ရှ်ပြည်နယ်အတွင်း အခြားသော တောင်သူများထံသို့အဆိုပါ ပဲစင်းငုံမျိုးစိတ်အသစ်၏မျိုးစေ့များဖြန့်ဖြူးနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းဖြင့် TheHinduBusinessLineသတင်းဌာနကဖော်ပြပါသည်။

   အိန္ဒိယစိုက်ပျိုးရေးသုတေသနသိပ္ပံမှပညာရှင်များ၏ ပြောကြားမှုအရ၂၀၀၇ ခုနှစ်မှ စတင်၍ စမ်းသပ်လေ့လာခဲ့သောပူစာအာဟာ-၁၆ပဲစင်းငုံမျိုးစိတ်အားပြည်တွင်း နေရာဒေသစုံ၌ နမူနာစိုက်ပျိုးမှုများကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင်စမ်းသပ်စိုက်ခင်းများမှအထွက်နှုန်း ၁ ဟက်တာလျှင်၂တန်ကျော်အထိရရှိခဲ့ကြောင်း၊ ဒေလီမြို့ရှိIARIစမ်းသပ်စိုက်ခင်းတွင်၎င်းပဲစင်းငုံမျိုးစိတ်သစ်၏ ပျမ်းမျှအထွက်နှုန်းမှာ ဒေသမျိုးကွဲများဖြစ်သည့်VLA-1 (အထွက်နှုန်း ၁.၂ တန်/ဟက်တာ) နှင့်PS 4242 (အထွက်နှုန်း ၁.၅ တန်/ဟက်တာ) ထက်ကျော်လွန်မှုရှိသည်ကိုတွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ ဒေလီပြည်ထောင်စု နယ်မြေဒေသအတွင်းစိုက်ပျိုးရန် ရည်ရွယ်လျက်၎င်းမျိုးအသစ်ကိုစီးပွားဖြစ်ထုတ်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အခြားပြည်နယ်များရှိတောင်သူများကပါ ၎င်းမျိုးစိတ်အား စတင်စိုက်ပျိုးလာကြကြောင်း၊ သို့ဖြစ်၍ သီးနှံမျိုးစေ့ပွားများထုတ်လုပ်နိုင်ရန် ပုဂ္ဂလိကမျိုးစေ့ထုတ်လုပ်ရေးကုမ္ပဏီများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

     ပူစာအာဟာ-၁၆ ပဲစင်းငုံမျိုးစိတ်သည်အမြင့် အလယ်အလတ်ရှိသော အပင်ပုအမျိုးအစား ဖြစ်၍ စိုက်ပျိုးချိန်၌ ပိုးသတ်ဆေးဖြန်းရန် လွယ်ကူခြင်း၊ သီးနှံရင့်မှည့်ချိန်တွင် စုပေါင်းရိတ်သိမ်း စက် (combine harvester) အသုံးပြုလျက်ရိတ်သိမ်းချွေလှေ့မှုကိုလုပ်ကိုင်နိုင်သဖြင့်လုပ်ငန်း လွယ်ကူသက်သာမှုရှိခြင်း၊ အခြားသော ပဲစင်းငုံမျိုးများထက်ချက်ပြုတ်ရာတွင်အချိန်တိုတောင်း မှုရှိခြင်း၊စိုက်ပျိုးသည့်မြေ၌ နိုက်ထရိုဂျင်ဓာတ်ဖြည့်ဆည်းမှုကို ကောင်းစွာဖြစ်ပေါ်စေသဖြင့်ဆောင်းသီးနှံစိုက်ပျိုးရာတွင်မြေဩဇာထည့်သွင်း သုံးစွဲရမှုစရိတ်ကိုသက်သာစေခြင်း စသည့်အားသာချက်များရှိကြောင်း သိရှိရသည်။

     IARI မှ ညွှန်ကြားရေးမှူး Mr. Ashok Kumar Singhကပူစာအာဟာ-၁၆ သည်သီးနှံဖြန့်ကျက်စိုက်ပျိုးမှုအတွက်အရေးပါသည့်ပဲစင်းငုံမျိုးတစ်ခုဖြစ်ပြီး စိုက်ပျိုးမြေ၏ ကောင်းမွန်သန့်ရှင်းမှုနှင့်သဘာဝအရင်းအမြစ်များ ထိန်းသိမ်းမှုတို့ကိုအထောက်အကူပြုကြောင်း၊ ထို့အပြင်တောင်သူများ၏ ဝင်ငွေတိုးတက်မှုကိုလည်း ရရှိစေနိုင်ကြောင်း၊ ၎င်းမျိုးကွဲအား ဒေလီမြို့တော်အနီးပတ်ဝန်းကျင်၌ စိုက်ပျိုးရန်ရည်ရွယ်ခဲ့သော်လည်း မဒ္ဒရာပရာဒေ့ရှ်၊ မဟာရဋ္ဌ၊ တဲလန်ဂါနာ နှင့်တမီနာဒူပြည်နယ်များရှိတောင်သူများကပါ တိုးချဲ့စိုက်ပျိုးရန်တုန့်ပြန်တွန်းအားပေးမှုများ ရရှိလာကြောင်းဖြင့်ပြောကြားပါသည်။

     လက်ရှိကာလတွင်အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း လွင်ပြင်ဒေသရှိပန်ဂျပ်ပြည်နယ်နှင့် ဥတာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်နှင့်မဟာရဋ္ဌပြည်နယ်များရှိမိုးကောင်းသောက်စိုက်ပျိုးမြေများ၌ စိုက်ပျိုးသော ပဲစင်းငုံမျိုးများမှာ သက်တမ်း ရက် ၁၄၀ မှ ၁၆၀ ရှိပြီး နိုဝင်ဘာလကုန်ပိုင်း ခန့်ကျမှသာ ခူးဆွတ်ရိတ်သိမ်းနိုင်သည်။ သို့ဖြစ်ရာ ဆောင်းသီးနှံဂျုံစိုက်ပျိုးမှုအတွက်မြေယာ ပြုပြင်ချိန်တိုတောင်းမှုဖြစ်ပေါ်သကဲ့သို့နိုဝင်ဘာလနောက်ပိုင်း၌ ကုလားပဲနှင့် ဆီမုံညင်းတို့အား စိုက်ပျိုးရန်ခက်ခဲခြင်းနှင့် ကြုံတွေ့ရလျက်ရှိသည်။

      IARI ရှိမျိုးဗီဇဌာန၊ ပဲစင်းငုံသီးနှံအခြေခံမျိုးပွားဌာနခွဲမှ ဦးဆောင်သုတေသီပညာရှင် Mr. R S Rajeကအိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းဒေသများ၌ မုတ်သုံလေဝင်ရောက်မှုနောက်ကျမှုရှိသည့်တိုင်အောင်ပူစာအာဟာ-၁၆ပဲစင်းငုံမျိုးအား ဇူလိုင်လပထမပတ်အထိနောက်ဆုံးထား၍ စိုက်ပျိုးနိုင်ကြောင်း၊ ထိုကဲ့သို့နောက်ကျစိုက်ပျိုးသော်လည်း ဆောင်းသီးနှံရာသီမစတင်မီအောက်တိုဘာလကုန်၊ နိုဝင်ဘာလပထမရက်သတ္တပတ်ခန့်၌ ရိတ်သိမ်းမှုလုပ်ကိုင်နိုင်ကြောင်း ပြောဆိုပါသည်။

  အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံသည်ကုလားပဲစိုက်ပျိုးထုတ်မှု၏ နောက်တွင်ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ပြည်တွင်း၌ အဓိကစားသုံးသည့်ပဲအမျိုးအစားဖြစ်ပါသည်။ ၂၀၁၉-၂၀ ခုနှစ်တွင်နိုင်ငံတစ်ဝန်းမှ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၃.၈၉ သန်းရှိပြီး ၎င်းအနက်ကာနာတာကာ (၂၉ %) ၊ မဟာရဋ္ဌ (၂၈ %) ၊ ဥတာပရာဒေ့ရှ် (၇ %) ၊ မဒ္ဒရာပရာဒေ့ရှ် (၇ %) နှင့် တဲလန်ဂါနာ (၇ %)ပြည်နယ်များက ၇၈ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။ သို့ရာတွင်ပြည်တွင်း ထုတ်လုပ်မှုမှာ စားသုံးသူဈေးကွက်ဝယ်လိုအားကိုလုံလောက်စွာဖြည့်ဆည်းနိုင်မှုမရှိသဖြင့်မြန်မာ၊ မိုဇမ်ဘစ်၊ မာလာဝီ၊ တန်ဇန်နီးယား၊ ဆူဒန်စသည့် နိုင်ငံများထံမှပဲစင်းငုံများကို နှစ်စဉ်ဝယ်ယူတင်သွင်းရလျက် ရှိသည်။ သို့ဖြစ်ရာ အထွက်နှုန်းကောင်းမွန်မှု၊ စိုက်ပျိုးမှုသက်တမ်း တိုတောင်းမှု၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက်မြေဆီဩဇာ အထောက်အပံ့ပြုမှုစသည့် အားသာချက်များအရပူစာအာဟာ-၁၆ ပဲစင်းငုံမျိုးအသစ်အား တိုးချဲ့စိုက်ပျိုး ခြင်: ဖြင့်ပြည်ပမှဝယ်ယူတင်သွင်းနေရမှုကို လျော့ချနိုင်မည်ဟုအိန္ဒိယစိုက်ပျိုးရေးသုတေသနသိပ္ပံမှ ပညာရှင်များကမျှော်မှန်းလျက်ရှိကြသည်။

Source:         Promising Pusa Arhar-16 may cut India’s dependence on imports, 25-10-2021, TheHinduBusinessLine

နေအေးလွင်

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့