Main menu

Background

ဘရာဇီးလ်နိုင်ငံ၏ သီးနှံဈေးကွက်များတွင် ဖြစ်ပေါ်လျက်ရှိသော ပဲပုတ်စေ့ဈေးနှုန်းအခြေအနေများ

Fri, 11/05/2021 - 11:26 -- journal_editor

အမေရိကန်ဒေါ်လာငွေတန်ဖိုးများ မြင့်တက်နေချိန်တွင် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ ဈေးကွက်(Chicago Commodity Exchange - CBOT)တွင် ပဲပုတ်စေ့ဈေးနှုန်းများ အနည်းငယ်ကျရိပ်ပြလျက်ရှိပြီး ဘရာဇီးလ်နိုင်ငံရှိသီးနှံဈေးကွက်များတွင် အရောင်းအဝယ်များ အနည်းငယ်အေးစက်လျက်ရှိနေသည်။

              တစ်အိတ်လျင် ၆၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ပဲပုတ်စေ့ ၁ အိတ်တန်ဖိုးသည် Passo Fundo(RS)ဈေးကွက်တွင် ၁၆၉.၀၀ ဟဲရာဖြင့်လည်းကောင်း၊ Mission Regionဈေးကွက်တွင် ၁၆၈.၀၀ ဟဲရာဖြင့်လည်းကောင်း၊ Rio Grandeဆိပ်ကမ်းဈေးကွက်တွင် ၁၇၃.၀၀ ဟဲရာဖြင့် လည်းကောင်း၊ Cascavel (PR)ဈေးကွက်တွင် ၁၆၇.၅၀ ဟဲရာဖြင့်လည်းကောင်း၊  Paranaguá (PR)ဈေးကွက်တွင် ၁၇၂.၀၀ ဟဲရာဖြင့်လည်းကောင်း၊ Rondonópolis (MT)ဈေးကွက်တွင် ၁၆၄.၀၀ ဟဲရာဖြင့်လည်းကောင်း၊ Dourados (MS)ဈေးကွက်တွင် ၁၆၀.၀၀ ဟဲရာဖြင့်လည်းကောင်း၊ Rio Verde (GO)ဈေးကွက်တွင် ၁၆၂.၀၀ ဟဲရာဖြင့်လည်းကောင်း ဈေးနှုန်းများအသီးသီး ဖြစ်ပေါ်လျက်ရှိသည်။

              အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ဈေးကွက်တွင် ဝယ်လိုအားအသင့်အတင့်ရှိခဲ့သော်လည်း ငွေတန်ဖိုးမြင့်တက်နေမှုနှင့် ကုန်သည်များ၏ဈေးကစားမှုကြောင့် အရောင်းအဝယ်များအေးစက်ခဲ့ပြီး ပဲပုတ်စေ့ဈေးကွက်သည် အနိမ့်ဈေးနှုန်းများဖြင့် ဈေးပိတ်ခဲ့ရသည်။

              အောက်တိုဘာလ တတိယအပတ်အတွင်း အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂,၂၇၂,၀၀၃ တန်နှင့် စတုတ္ထအပတ်အတွင်း ပဲပုတ်စေ့တန်ချိန် ၂,၅၆၅,၉၂၉ တန်အား ရောင်းချနိုင်ခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန၏ သတင်းတွင်ဖော်ပြထားသည်။အဆိုပါ ရောင်းချခဲ့သည့်ပဲပုတ်စေ့များတွင် တရုတ်နိုင်ငံသို့ တန်ချိန် ၁၃၂,၀၀၀ တန် ရောင်းချခဲ့ပြီး ၂၀၂၁-၂၀၂၂ သီးနှံကာလအတွင်း အပြီး တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

              ပဲပုတ်စေ့ကြိုပွိုင့်ဈေးကွက်တွင် ဇန်နဝါရီလအတွက် ကြိုပွိုင့်ဈေးနှုန်းသည် ပဲပုတ်စေ့ ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၂.၄၈ ဒေါ်လာဖြင့်လည်းကောင်း၊ မတ်လအတွက်ကြိုပွိုင့်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၂.၅၈ ဒေါ်လာဖြင့်လည်းကောင်း ဈေးနှုန်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ပဲပုတ်ထွက် ကုန်ပစ္စည်းများတွင် ဒီဇင်ဘာလအတွက် ပဲပုတ်စေ့အခွံကြိုပွိုင့်ဈေးနှုန်းသည် ၁ တန်လျင် အမေရိကန် ဒေါ်လာ ၃၂၉.၁၀ ဒေါ်လာဖြင့်လည်းကောင်း၊ ပဲပုတ်ဆီ ၁ ပေါင်၏  ဒီဇင်ဘာလအတွက်ကြိုပွိုင့်ဈေးနှုန်း သည် အမေရိကန်ဒေါ်လာ ၆၁.၉၇ ဆင့်ဖြင့် အရောင်းအဝယ်များဖြစ်ပေါ်ခဲ့ကြောင်း စိုက်ပျိုးရေးဌာန၏ သတင်းတွင်ဖော်ပြထားသည်။

              ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာသည် ၅.၆၇၀၀ ဟဲရာအထိ ရောက်ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br