Main menu

Background

အိန္ဒိယနှင့်ဘူတန်တို့အကြား နယ်စပ်ကုန်သွယ်ရေး ဝင်ထွက်ဂိတ် ၇ ခုအား တရားဝင်အတည်ပြုသတ်မှတ်ခြင်း

Mon, 11/08/2021 - 11:24 -- journal_editor

      အိန္ဒိယနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲတစ်ရပ်ကို ၃-၁၁-၂၀၂၁ နေ့၌ ကျင်းပခဲ့ရာ အိန္ဒိယဘက်မှ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အတွင်းဝန် Mr. BVR Subrahmanyam နှင့် ဘူတန်ဘက်မှ စီးပွားရေးဝန်ကြီးဌာန၊ အတွင်းဝန် Mr. Dasho Karma Tshering တို့ဦးဆောင်သော နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအကြားရှိ နယ်စပ်ကုန်သွယ်ရေး ဝင်ထွက်ဂိတ် ၇ ခုအား တရားဝင် အတည်ပြုသတ်မှတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

      အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၃-၁၁-၂၀၂၁ နေ့၌ သတင်းထုတ် ပြန်ရာတွင် အဆိုပါဆွေးနွေးပွဲ၌ လက်ရှိဆောင်ရွက်နေသော ကုန်သွယ်မှုလုပ်ငန်းများနှင့် တစ်ဆင့်ခံကုန်သွယ်မှုဆိုင်ရာကိစ္စများ၊ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမှုနှင့် ကုန်သွယ်ဆက်ဆံမှုတိုးမြှင့်ရေးကိစ္စများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ကွန်ယက်ဖြန့်ကျက်မှု တိုးမြှင့်ရေးကိစ္စများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ နယ်စပ်အဝင်အထွက်စခန်း ၇ ခုအား တရားဝင် အတည်ပြုလက်မှတ်ရေးထိုးသည့် စာချွန်လွှာများကို အပြန်အလှန်လဲလှယ်ခဲ့ကြောင်း ဖော်ပြထားပါသည်-

         ကုန်စည်အမျိုးအမည် ကန့်သတ်ထားခြင်းမရှိသော Nagarkata Land Customs Station ၊ Agartala Land Customs Station အဝင်အထွက်ဂိတ် ၊ နယ်စပ်ဖြတ်ကျော်မှုအား အာသံပြည်နယ် Dhubri မြို့မှ တစ်ဆင့်ခံ ထိန်းချုပ် သည့် Pandu port (Guwahati Steamerghat) အဝင်အထွက်ဂိတ် ၊ နယ်စပ်ဖြတ်ကျော်မှုအား အာသံပြည်နယ် Dhubri မြို့မှ တစ်ဆင့်ခံ ထိန်းချုပ် သည့် Jogighopa port အဝင်အထွက်ဂိတ် ၊ အိန္ဒိယနိုင်ငံဘက်ခြမ်း၌ Torsha Tea Garden နှင့် ဘူတန်နိုင်ငံဘက်ခြမ်းတွင် Ahllay ဒေသတို့အား အာရှလမ်းမကြီးအမှတ် ၄၈ ဖြင့် ဆက်သွယ်မည့် Land Custom Station at Jaigaon ဂိတ် ၊ Kamardwisa အဝင်အထွက်ဂိတ် ၊ Birpara အဝင်အထွက်ဂိတ် ။

          ယခုကဲ့သို့ တရားဝင်အတည်ပြုလိုက်သည့် နယ်စပ်ဂိတ်များအား ၂၀၁၆ ခုနှစ်တွင် အိန္ဒိယ နိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး နှင့် တစ်ဆင့်ခံကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်၏ လုပ်နည်းစနစ်များ၌ ထည့်သွင်းမည်ဖြစ်ပါသည်။

          အိန္ဒိယနှင့်ဘူတန်နှစ်နိုင်ငံအကြားကုန်သွယ်မှုပမာဏမှာ တိုးတက်လျက်ရှိပြီး ၂၀၁၄-၁၅ ခုနှစ်၌ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၄ သန်းသာရှိရာမှ နှစ်ဆကျော်တိုးမြင့်၍ ၂၀၂၀-၂၁ ခုနှစ်တွင် ဒေါ်လာ ၁၀၈၃ သန်း အထိ ရရှိခဲ့ကြောင်း သိရှိရသည်။

Source:         India-Bhutan to have seven additional entry/exit points for trade, 3-11-2021, Press Information Bureau of India

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့