Main menu

Background

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ကုန်သွယ်မှုမှ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရရှိ

Mon, 11/08/2021 - 12:59 -- journal_editor

         ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘရာဇီးလ်နိုင်ငံသည် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂.၅  ဘီလီယံ ကုန်သွယ်မှုပိုငွေရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ ရရှိခဲ့သဖြင့် နှိုင်းယှဉ်ပါက ၄၃.၁ ရာခိုင်နှုန်းလျှော့နည်းရရှိခဲ့ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေးဝန်ကြီးဌာန၏သတင်းတွင် ဖော်ပြထားသည်။

          အောက်တိုဘာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂.၅ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ၊ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဟဲရာ ၄၂.၅ ဘီလီယံ ရရှိခဲ့သဖြင့်  ပို့ကုန်တင်ပို့မှုတွင် အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးအား ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းတွင်ဖော်ပြထားသည်။

           ပို့ကုန်တင်ပို့မှုလျှော့နည်းခြင်းသည် နိုင်ငံခြားငွေကြေးတန်ဖိုးအတက်အကျများ ဖြစ်ပေါ်ခဲ့မှုကြောင့် ဘရာဇီးလ်နိုင်ငံမှ အဓိကပို့ကုန်များ၏ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ဥပမာအားဖြင့် ဘရာဇီးလ်နိုင်ငံမှတင်ပို့နေသည့် သံရိုင်း ၁ တန်ဈေးနှုန်းသည် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၁၆၀ ဈေးနှုန်းရှိခဲ့သော်လည်း အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၁၀၀ ဈေးနှုန်းသို့ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှုဌာနမှ Herlon Brandão က ပြောကြားခဲ့သည်။

           ထို့အပြင် အောက်တိုဘာလတွင် သတ္ထုတွင်းထွက်ပို့ကုန် တင်ပို့မှုလျှော့ကျခြင်း၊ အမဲသားတင်ပို့နိုင်မှုကျဆင်းခြင်းနှင့် လယ်ယာကဏ္ဍမှပြောင်းနှင့်ကော်ဖီကဲ့သို့သော သီးနှံပို့ကုန်တင်ပို့မှုများ လျှော့ကျခဲ့သည့်အတွက် ဘရာဇီးလ် နိုင်ငံ၏ ပို့ကုန်တင်ပို့မှုကျဆင်းခဲ့ကြောင်း၊ အောက်တိုဘာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူပမာဏနှင့်နှိုင်းယှဉ်ပါက  လျှော့ကျခဲ့သော်လည်း ၂၀၂၁ ခုနှစ်၏ ကုန်သွယ်မှုပမာဏစုစုပေါင်းတွင်တိုးတက် ခဲ့ကြောင်း Brandão က ပြောကြားခဲ့သည်။

         ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှအောက်တိုဘာလအထိကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၅.၈၇ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၇၇.၂၉၁ ဘီလီယံတန်ဖိုး ရှိခဲ့သဖြင့် အမေရိကန်ဒေါ်လာ ၅၈.၅၇၉ ဘီလီယံ ကုန်သွယ်မှုပိုငွေရရှိခဲ့ကြောင်း၊ ၎င်းပမာဏသည် ၁၉၈၉ ခုနှစ်ကာလနောက်ပိုင်း ဘရာဇီးလ်နိုင်ငံ၏ကုန်သွယ်မှုတွင် အမြင့်ဆုံးကုန်သွယ်မှုပိုငွေရရှိမှုဖြစ်ကြောင်း Brandão ကပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှအောက်တိုဘာလအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄၅.၂ ဘီလီယံရရှိခဲ့သဖြင့် ၂၀၂၁ ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၉.၆ ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိခဲ့ကြောင်း Brandão က ပြောကြား ခဲ့သည်။

       ဘရာဇီးလ်နိုင်ငံ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအထိ ကုန်သွယ်မှုပမာဏသည် ၂၀၂၀ ပြည့်နှစ်ကာလတူပမာဏထက် ၃၆ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ပြီး သွင်းကုန်တင်သွင်းမှုတွင် ၃၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ကုန်ဆုံးပါက ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈၁.၀၀ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၁၀.၁၀ ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၉၁.၁ ဘီလီယံအထိ ရရှိနိုင်ရန် ခန့်မှန်းထားပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၇၀.၉၀ ဘီလီယံအထိ ရရှိနိုင်ရန်မျှော်မှန်းထားကြောင်း ဝန်ကြီးဌာန၏သတင်းတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ် - correiobraziliense.com.br

 (ထွန်းအောင်ဇော်)

                                            စီးပွားရေးသံမှူး