Main menu

Background

တရုတ်နိုင်ငံ၏ ကိုဗစ်ဆေးဝါးအသစ် စမ်းသပ်မှုများတွင် ရလဒ်ကောင်းများ ရရှိ

Thu, 11/11/2021 - 14:05 -- journal_editor

တရုတ်နိုင်ငံရှိ ဆေးဝါးသုတေသီများက COVID-19 အားAntibodyဆေးဝါးအချို့ကို အသုံးပြုသည့် ကုထုံးများဖြင့် ကုသပေးနိုင်ရေး ကြိုးစားလျက်ရှိကြရာ အခြေအနေ တိုးတက်လာကြောင်းသိရပါသည်။

ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရDXP-604အမည်ရှိ antibodyမှာ မည်သည့်သန္ဓေပြောင်းမှုမျိုးကိုမဆို ကုသနိုင်ဖွယ်ရှိကြောင်း ပီကင်းတက္ကသိုလ်၏ Beijing Advanced Innovation Center for Genomicsမှ ဒါရိုက်တာ SunneyXieက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ SunneyXieမှာ ကမ္ဘာပေါ်တွင် လူသိများသည့် ဇီဝဓာတုဗေဒပညာရှင်တစ်ဉီးလည်း ဖြစ်ပါသည်။

ယခုအခါ DXP-604အပေါ် အခြေခံထားသည့် ဆေးဝါးအသစ်မှာ စမ်းသပ် သည့် အဆင့်(၂)တွင် အာနိသင်ကောင်းစွာပြလျက်ရှိကြောင်း၊ နိုဝင်ဘာလ (၂)ရက်နေ့တွင် ပေကျင်း Ditanဆေးရုံ၌ COVID-19လူနာ (၁၄)ဉီးကို စမ်းသပ်တိုက်ကျွေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် အသည်းအသန်ဖြစ်နေသည့်လူနာများအတွက်ပါ စမ်းသပ်၍ ဆေးတိုက်မှု များကို တိုးချဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ထိုသို့စမ်းသပ်နေချိန်အတွင်း BRII-196 နှင့် BRII-198ပဋိပစ္စည်း(၂)မျိုးကို အမေရိကန် အစားအစာနှင့်ဆေးဝါး စီမံခန့်ခွဲရေး၏ အတည်ပြုချက်ဖြင့်အရေးပေါ်ကုသမှုများအတွက် အသုံးပြုနိုင်ရေးလျှောက်ထားကြောင်း Brii ဇီဝသိပ္ပံပညာရှင်များ (Brii Biosciences) က မကြာသေးမီက ကြေညာခဲ့ပါသည်။

Brii Biosciences သည် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အခြေစိုက်သည့် နိုင်ငံစုံ ဆေးဘက်ဆိုင်ရာကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဆင်းဟွာ (Tsinghua) တက္ကသိုလ်နှင့် ရှန်းကျန့်ရှိ Third People's Hospital တို့နှင့် ဆေးဝါးပူးတွဲထုတ်လုပ်လျက် ရှိပါသည်။

၎င်းကုမ္ပဏီ၏ နိုင်ငံခြားတွင် ဒယ်လ်တာမျိုးကွဲကူးစက်ခြင်းခံရသည့် လူနာများနှင့် အဆင့်(၃)စမ်းသပ်ချက်အရ  ၎င်း၏ဆေးဝါးမှာ COVID-19 လူနာများ ဆေးရုံတက်ရခြင်းနှင့် သေဆုံးခြင်းအန္တရာယ်ကို (၇၈) ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း သိရပါသည်။

ကာကွယ်ဆေးထိုးနှံခြင်းမှာ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ရန် အခြေခံကျသည့်လက်နက်ဖြစ်ကြောင်း၊ antibodyကုထုံးများမှာ ရောဂါပိုးကူးစက်ခံထားရ သော်လည်း ရောဂါလက္ခဏာမပြသူလူနာများ၊ ရောဂါကူးစက်ခံထားရသူတို့နှင့် အနီးကပ် ထိတွေ့ပြီးသူများအတွက် အသင့်လျော်ဆုံးကုသမှုဖြစ်ပြီး ကိုယ်ခံအားက ပိုမိုလျင်မြန်စွာတုံ့ပြန်နိုင်ကြောင်း ကုမ္ပဏီ၏ ဉက္ကဋ္ဌ Hong Zhiက ပြောကြားပါသည်။

Brii Biosciencesမှ ထုတ်လုပ်သည့် ဆေးဝါးကို ပြည်တွင်းကူးစက်မှုများ ဖြစ်ပွားနေသည့် ဟေလုံကျန်းနှင့် ချင်းဟိုင်ပြည်နယ်များထံ အခမဲ့ဖြန့်ဝေပေးသွားမည်ဟု ကုမ္ပဏီက နိုဝင်ဘာလ (၅)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားပါသည်။

ဇွန်လမှစတင်၍ တရုတ်နိုင်ငံရှိ လူနာ (၇၀၀)ဉီးနီးပါးကို ဤဆေးဝါးဖြန့်ချိ ပေးထားခဲ့ကြောင်း၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများထံမှ ပြန်လည်ကြားသိရချက်များအရ ဆေးဝါးမှာ စိတ်ချရပြီး၊ ပေါ်ထွက်လာသည့်မျိုးကွဲများအပါ် ကောင်းစွာခုခံနိုင်စွမ်းရှိသည်ဟု သိရကြောင်း၊ ရောဂါပိုးကြောင့် ခံစားရမှုများကို အလွန်လျင်မြန်စွာ လျှော့ချပေးနိုင်ပြီး၊ ရောဂါလက္ခဏာ အနည်းငယ်မှ အသင့်အတင့်ဖြစ်ပေါ်နေသူများ (သို့မဟုတ်) အပြင်းအထန် ဖျားနာနိုင်ခြေရှိနေသူများကို အဓိက ကုသပေးနိုင်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားပါသည်။

ရင်းမြစ်၊ China Daily (၉-၁၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊    

စီးပွားရေးသံမှူး