Main menu

Background

၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ ဂျီဒီပီတိုးတက်မှုနှုန်း ၉.၅% ရရှိနိုင်ကြောင်း အိန္ဒိယဗဟိုဘဏ်က ခန့်မှန်း

Fri, 11/12/2021 - 13:16 -- journal_editor

      အိန္ဒိယနိုင်ငံ၌ Covid-19 ကပ်ရောဂါ သက်ရောက်မှုကြောင့် စီးပွားရေးထိခိုက်မှုများအား ကုစားရန် အစီအမံများချမှတ်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီးပွားရေး ပြန်လည်နာလည်ထူထောင် လာမှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန် လျင်မြန်စွာတိုးတက်လျက်ရှိရာ လက်ရှိ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး တိုးတက်မှုနှုန်း ၉.၅% အထိ ရနိုင်ဖွယ် ရှိကြောင်း အိန္ဒိယဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Shaktikanta Das က ၁၀-၁၁-၂၀၂၁ နေ့တွင် ပြောကြား ခဲ့ပါသည်။

       ၂၀၂၀ ပြည့်နှစ် မတ်လ၌ Covid-19 ကပ်ရောဂါ သက်ရောက်မှုနှင့် ကြုံတွေ့လာရသည့် နောက်ပိုင်း စက်သုံးဆီအပေါ် အခွန်လျော့ချပေးမှု၊ တယ်လီကွန်း ဆက်သွယ်ရေးကဏ္ဍအတွက် အခွန်ဆိုင်ရာ ဖြေရှင်းဆောင်ရွက်မှု၊ နောက်ကြောင်းပြန် အခွန်ကောက်ခံမှု ဖြစ်စေသည့် ဥပဒေ ပြဌာန်းချက်များအား ပယ်ဖျက်ပေးမှု၊ နိုင်ငံပိုင် Air India လေကြောင်းလိုင်းနှင့် အချို့သော ဘဏ် လုပ်ငန်းများအား ပုဂ္ဂလိကပိုင်သို့ပြောင်းလဲမှုနှင့် အကြီးစားအဆင့် ကုန်ထုတ်လုပ်မှုမြှင့် တင်ရေးဆိုင်ရာ လုပ်ငန်းချိတ်ဆက်အားပေးမှု (PLI) အစီအစဉ်တို့ အပါအဝင် စီးပွားရေး လှုံ့ဆော်မှု အစီ အမံများအား အိန္ဒိယအစိုးရက ချမှတ် ဆောင်ရွက်ခဲ့ရာ ရလဒ်အသီးအပွင့်များ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ လက်ရှိကာလ တွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမြင့်တက်မှု၊ ပထဝီ နိုင်ငံရေးပြဿနာများ နှင့် အခြား သော ကမ္ဘာ့စီးပွားရေး လေဆန်ခရီးကြုံတွေ့ရမှုများက စိန်ခေါ်မှုများအဖြစ်ရှိနေသော် လည်း အိန္ဒိယ၏ ရှေ့လာမည့် စီးပွားရေးအခြေအနေမှာ အပြု သဘောဆောင် လွှမ်းခြုံရှုမြင်နိုင် ကြောင်း၊ စီးပွားရေးတိုးတက်ရန် တွန်းအားပေးစေ့ဆော်မှုများ ခိုင်မာလျက်ရှိပြီး အညွှန်းကိန်းများ လျင်မြန်စွာ တိုးတက်နေမှုအရ အိန္ဒိယ၏ ယခုဘဏ္ဍာနှစ် ဂျီဒီပီတိုးတက်မှုမှာ ၉.၅ ရာခိုင်နှုန်းဖြင့် သက်သာမှုရရှိမည်ဟု ၎င်းအနေဖြင့် ခိုင်မာစွာ ယုံကြည်ကြောင်းဖြင့် Mr. Shaktikanta Das က ပြောကြားပါသည်။

      စီးပွားရေးအင်အားကြီးနိုင်ငံများ၌ ကပ်ရောဂါ၏သက်ရောက်မှုမှ လျင်မြန်စွာ ပြန်လည် ထူထောင်မှု ရှိလာသော်လည်း ကမ္ဘာတစ်ဝန်း၌ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ(semiconductors) ပြတ်လပ်မှု၊ သင်္ဘောလိုင်းများတွင် ကုန်သေတ္တာရရှိရန်ခက်ခဲမှုနှင့် သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်မှု စသည့် လေဆန်ခရီးများကြောင့် ကမ္ဘာ့ ဂျီဒီပီတိုးတက်မှုမှာ ၅.၉ ရာခိုင်နှုန်းခန့်သာ ရရှိ ဖွယ်ရှိကြောင်း၊ ဥရောပ၊ အာရှနှင့် အမေရိက ဒေသတို့ရှိ နိုင်ငံများစွာသည် Covid-19 ကပ် ရောဂါအား ရင်ဆိုင်တွန်းလှန်နေရဆဲဖြစ်ရာ အိန္ဒိယအနေဖြင့် လက်ရှိ တိုးတက် ကောင်းမွန် လာ သည့် အခြေအနေအပေါ် အပြည့်အဝ ကျေနပ်အားရနေရန် မရှိကြောင်း ၎င်းက ပြောဆိုပါသည်။

      ဘဏ်လုပ်ငန်းကဏ္ဍတွင် ယခုနှစ် ဇူလိုင်လ စာရင်းများအရ ကော်ပိုရိတ်ချေးငွေ ပမာဏ ရူပီးငွေကုဋေ ၂၈.၂၈ သိန်းထက် ပိုမို၍ လက်လီချေးငွေ ရူပီးကုဋေ ၂၈.၅၈ သိန်းအထိ တိုးတက် များပြားလာခြင်းနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရှိမရှိ သတင်းထောက်များ၏ မေးမြန်းချက်အပေါ်   ဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Shaktikanta Das က ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုအတွက် ငွေချေးယူမှုများမှာ တဖြည်းဖြည်းချင်း ပြန်လည်တိုးတက်လျက်ရှိပြီး ရှေ့လာမည့်နှစ်တွင် အရှိန်အဟုန် မြင့်တက် လာဖွယ်ရှိကြောင်း၊ လက်ရှိကာလ အတိုးနှုန်းများ အနိမ့်ကျဆုံးနှင့် လိုအပ်သည်ထက် ပိုမို၍ ငွေဖြစ် လွယ်သည့် အခြေအနေရှိချိန်တွင် အိမ်ရာချေးငွေအပေါ် ကြီးမားသည့် ဈေးကွက် ဝယ်လိုအားဖြစ် ပေါ်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဈေးကွက်၏ တောင်းဆိုမှုရှိရာသို့ ချေးငွေ ထုတ်ချေးပေးမှုက လိုက်ပါမည်ဖြစ်ပြီး ဘဏ်လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုအား နေရာချထားရာတွင် ကြုံတွေ့လာနိုင်မည့် စွန့်စားရမှုများအပေါ် သတိကြီးစွာဖြင့် ဂရုစိုက် လုပ်ဆောင်ကြရန်သာ ဖြစ်+ကြောင်း ဖြေကြားခဲ့ပါသည်။

Source:         Shaktikanta Das says GDP to clip at 9.5% as growth impulses strong, 10-11-2021, Economic Times

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့